Samsung ဟာ တချိူ့ Galaxy M Series စမတ်ဖုန်းတွေမှာ LCD Display တွေကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်ထွက်ရှိလာတော့မယ့် Galaxy M41 စမတ်ဖုန်းမှာတော့ OLED Display ကို အသုံးပြုလာမှာပါ။

ဒါကလည်း ထူးခြားချက်အနေနဲ့ Samsung အပါအဝင် စမတ်ဖုန်းကုမ္ပဏီတွေက အသုံးပြုဖူးခြင်းမရှိသေးတဲ့ TCL ကုမ္ပဏီကနေထုတ်လုပ်ထားတဲ့ Flexible OLED Display Panel တွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အဆိုပါ Galaxy M41 ဖုန်းဟာ Samsung ရဲ့ ကိုယ်ပိုင်မဟုတ်တဲ့ OLED Display ပါဝင်တဲ့ ပထမဆုံး Galaxy စမတ်ဖုန်းလည်းဖြစ်လာမှာပါ။

ဒါကလည်း ယခင်တုန်းက Samsung Display ဟာ OLED Display စျေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ် Display ကုမ္ပဏီတွေက စွမ်းဆောင်ရည်ကောင်းမွန်သလို စျေးလည်းပိုသက်သာတဲ့ OLED Display တွေကို ထုတ်လုပ်နိုင်တာကြောင့် အခုလိုမျိုးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မကြာခင်တုန်းကထွက်ရှိခဲ့တဲ့သတင်းတွေအရလည်း Samsung ကိုယ်တိုင်က နောက်နှစ် Galaxy S21 ဖုန်းတွေအတွက် OLED Display ကို Samsung Display အစား BOE Display ကို ပြောင်းလဲထုတ်လုပ်ခိုင်းမယ်ဆိုပြီး သတင်းတွေထွက်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy M41 မှာပါဝင်လာမယ့် TCL ရဲ့ OLED Display ဟာ 6.67″ Full HD+ Resolution ရှိမှာဖြစ်ပြီး 19.5:9 Aspect Ratio ရှိလာမယ်လို့ သိရပါတယ်။ အခုလိုမျိုး OLED Display ကိုပြောင်းလဲအသုံးပြုလိုက်ပေမယ့်လည်း Fingerprint Sensor ကိုတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ တပ်ဆင်ထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုပုံစံအတိုင်းဆိုရင် နောက်ပိုင်းမှာ Budget နဲ့ Mid Range ဖုန်းတွေမှာ OLED Display ကို အသုံးပြုမှုက သိသိသာသာကိုတိုးတက်လာဖို့များနေပါပြီ။

Ref – Gizmo China