Samsung Mobile ရဲ့ တွစ်တာအကောင့်မှာ Like အများဆုံးနဲ့ Retweet အများဆုံးက တောင်ကိုရီးယားရဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ BTS အမျိုးသား တေးဂီတ အဖွဲ့ ပါတဲ့ Promo Campaign ပို့စ်ဖြစ်ပါတယ်။ အဲဒီအတွက် Galaxy S20+ 5G BTS Limited Edition ဝက်ဝက်ကွဲ ရောင်းကောင်းတာ အံ့အားသင့်ဖို့ မလိုပါဘူး။

တောင်ကိုရီးယားမှာ ၁၉ ရက်နေ့က ကြိုတင်မှာယူခွင့်ပေးခဲ့ပြီး ၁ မိနစ်အတွင်း ရောင်းကုန်သွားပါတယ်။ ခရမ်းရောင်  လှလှလေးဖြစ်ပြီး ခရမ်းရောင် Galaxy Buds+ လည်း ထည့်ပေးထားပါတယ်။ BTS စတိုင် Wireless Charger , Limited Edition Case နဲ့ တေးဂီတအဖွဲ့ရဲ့ ပိုစတာတွေ ပါပါတယ်။ အဲဒီ Bundle ကို ဝမ် ၁.၆ သန်း သတ်မှတ်ထားပြီး မြန်မာငွေ ၁၈ သိန်းလောက်ရှိပါတယ်။ အဲဒီဈေးဟာ S20+ နဲ့ Buds+ ၂ ခုပေါင်းဈေးထက် များပါတယ်။ Buds+ BTS Limited Edition ကိုလည်း သီးခြား ရောင်းပေးနေပြီး အွန်လိုင်း စတိုးမှာ ပစ္စည်းရှိပါသေးတယ်။

Samsung က တောင်ကိုရီးယားမှာ ၂၉ ရက်နေ့ ပို့ဆောင်ပေးမှာ ဖြစ်ပြီး နိုင်ငံတကာမှာ နောက်လ ၉ ရက်နေ့ ရမှာပါ။ ဖုန်းပဲ သီးသန့်လိုချင်တဲ့ တောင်ကိုရီးယားက Fans တွေဟာ နောက်လ ၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး အမေရိကန်၊ ဗြိတိန်နဲ့ တချို့နိုင်ငံတွေအတွက်လည်း ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။

Ref : gsmarena