Samsung ဟာ ဒီလထဲမှာ နောက်ဆုံးပေါ်ထုတ်ကုန်တွေဖြစ်တဲ့ Galaxy Z Fold 3 နဲ့ Flip 3 တို့ကို မိတ်ဆက်တော့မှာပါ။ ဒီဟန်းဆက် နှစ်မျိုးစလုံးဟာ လက်ရှိအချိန်အတွက် ကင်မရာပိုင်းဆိုင်ရာမှာ စိတ်ကျေနပ်မှုပေးနိုင်မယ်ဆိုတာကိုတော့ သံသယဖြစ်စရာမရှိပါဘူး။

ဒါပေမဲ့ Samsung Galaxy S22 စီးရီးရဲ့ ပေါက်ကြားသတင်းတွေမှာတော့ ထူးခြားဆန်းသစ်တဲ့ ကင်မရာပိုင်းဆိုင်ရာ အချက်အလက်တွေကို တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်  200MP camera sensor နဲ့ 50MP RGBW unit ကို စက်တင်ဘာလထဲမှာ မြင်ရမယ်ဆိုတဲ့ Ice Universe ရဲ့ အခိုင်အမာပြောဆိုမှုက Galaxy S22 စီးရီးအကြောင်းကို ပိုပြီးစိတ်ဝင်စားရစေပါတယ်။

Sensor သစ်တွေကို လာမဲ့ စက်တင်ဘာလထဲမှာ ကြေညာမယ်လို့လည်း Ice Universe က ပြောဆိုထားပါသေးတယ်။ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးကလည်း 200MP Sensor အတွက် လုပ်ကိုင်နေပြီဖြစ်ကြောင်း အစောပိုင်းကတည်းက တိကျတဲ့သဲလွန်စကို ပေးပြီးသား ဖြစ်ပါတယ်။ အခြား Leaker ဖြစ်တဲ့ Yogesh ကလည်း Galaxy S22 စီးရီးမှာသာမက Samsung မဟုတ်တဲ့ ဖုန်းတွေမှာလည်း 50MP RGBW sensor ကို မြင်တွေ့လာရမယ်လို့ ပြောခဲ့ဖူးပါတယ်။

အစောပိုင်းသတင်းတွေတုန်းကတော့ Galaxy S22 Ultra ဟာ 108MP sensor ကို ဆက်သုံးထားမယ်လို့ Ice Universe က ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ Samsung ဟာ 200MP အပါအဝင် ကင်မရာငါးလုံးနဲ့ဖုန်းကို ပြုလုပ်လာမယ်လို့ သတင်းထွက်လာပြီးတဲ့နောက် S22 Ultra ရဲ့ 108MP sensor အကြောင်းဟာ မှေးမှိန်သွားတာလည်း ဖြစ်ပါတယ်။

Megapixel တွေ များတာက ပိုပြီးကောင်းတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မယ်လို့ သေချာပေါက် အာမမခံနိုင်ပါဘူး။ ဒါဟာ Megapixel စစ်ပွဲထဲမှာ Apple နဲ့ Google တို့ ရှိမနေတာရဲ့ အကြောင်းပြချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Samsung ကတော့ Megapixel စစ်ပွဲထဲကို တဖြည်းဖြည်းတိုးဝင်နေတဲ့အကြောင်း 600MP sensor ကို ပြုလုပ်နေတယ်ဆိုတဲ့သတင်းက မီးမောင်းထိုးပြထားတာ တွေ့ရပါတယ်။

Ref: Phone Arena