Samsung ဟာ လက်ရှိအချိန်မှာ Flagship Galaxy စမတ်ဖုန်းတွေအတွက် Region အပေါ်မှုတည်ပြီး ကိုယ်ပိုင် Exynos Chipset နဲ့ Qualcomm Snapdragon Chipset တွေကို ပြောင်းလဲအသုံးပြုနေတာဖြစ်ပါတယ်။ ယခင်တုန်းကတော့ အခုလိုမျိုး Chipset ၂ မျိုးက စွမ်းဆောင်ရည်ပိုင်းသိသိသာသာကွာခြားခြင်းမရှိပေမယ့် အခုနောက်ပိုင်းမှာ Snapdragon Chipset တွေက ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်နေတာကြောင့် ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။

ဒီအတွက် Samsung ကနေ နောက်ပိုင်းမိတ်ဆက်လာတဲ့ Foldable Flagship ဖုန်းတွေမှာ Samsung Exynos Chipset တွေအစား Qualcomm Snapdragon Chipset တွေကိုပဲ ပြောင်းလဲအသုံးပြုလာခဲ့သလို ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S22 Series ဖုန်းတွေမှာလည်း Exynos Chipset အသုံးပြုထားတဲ့ Region တွေကို လျော့ချပြီး Snapdragon 8 Gen 1 Chipset ကိုပဲ အဓိကအသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အတိအကျပြောရမယ်ဆိုရင် Qualcomm ဟာ Samsung ကနေ ရောင်းချခဲ့တဲ့ Galaxy S22 Series ဖုန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ Snapdragon 8 Gen 1 Chipset တွေကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Samsung ဟာ လာမယ့်နှစ်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Galaxy S23 Series ဖုန်းတွေမှာ လုံးဝကို Exynos Chipset ကို အသုံးပြုသွားတော့မှာမဟုတ်ဘဲ Qualcomm ကနေ မိတ်ဆက်သွားမယ့် Snapdragon 8 Gen 2 Chipset ကိုပဲ ဖုန်းအကုန်လုံးမှာ အသုံးပြုလာမယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး နာမည်ကြီး Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ ပြောကြားခဲ့တာဖြစ်ပြီးတော့ Samsung အနေနဲ့ အခုလိုမျိုး ဆုံးဖြတ်လိုက်တာက ကိုယ်ပိုင် Exynos 2300 Chipset ဟာ Qualcomm Snapdragon 8 Gen 2 ထက် စွမ်းဆောင်ရည်ပိုင်းမှာ လုံးဝ ယှဥ်ပြိုင်နိုင်ခြင်းမရှိတော့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကလည်း Samsung Fan တွေကိုယ်တိုင် Exynos Chipset ကို Samsung Flagship ဖုန်းတွေမှာ အသုံးမပြုဖို့အထိ လက်မှတ်ထိုးတောင်းဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုအတိုင်းဆိုရင် Samsung Fan တွေ မျှော်လင့်နေတဲ့အတိုင်း လာမယ့် Galaxy S23 Series ဖုန်းတွေမှာ Exynos Chipset ပါဝင်တော့မှာမဟုတ်တော့ပါဘူး။

Ref – 9to5Google