စမတ်ဖုန်းလောကဟာ မတည်မြဲတဲ့သဘောတရားကို အကောင်းဆုံးပြသပေးနေတဲ့ လောကကြီးလို့ ဆိုရမှာပါ။ ဒီနေ့ဒီအချိန်မှာ နောက်ဆုံးပေါ်နည်းပညာတွေ၊ အစိတ်အပိုင်းတွေနဲ့ အကောင်းဆုံး စမတ်ဖုန်းတစ်လုံးဖြစ်နေပေမယ့်လည်း နှစ်အနည်းငယ်အတွင်းမှာ ခေတ်နောက်ကျန်ခဲ့ပြီး အစွန့်ပစ်ခံဘဝကို ရောက်သွားရတာ ဖြစ်ပါတယ်။

အခုလည်း Samsung Galaxy S7 နဲ့ S7 Edge တို့ဟာ အစွန့်ပစ်ခံနယ်မြေထဲကို ချဉ်းနင်းဝင်ရောက်လာပြီလို့ ဆိုရမှာပါ။ လွန်ခဲ့တဲ့လေးနှစ်လောက်က မိတ်ဆက်ခဲ့တာကြောင့် သူတို့ရဲ့သက်တမ်းကလည်း စမတ်ဖုန်းတွေအတွက် သက်တမ်းစေ့တော့မယ်လို့ ဆိုနိုင်ပါတယ်။

Samsung Galaxy S7 နဲ့ S7 Edge တို့ဟာ Security update cycle ထဲမှာ အချိန်တော်တော်ကြာရှိနေခဲ့သလို ပြီးခဲ့တဲ့ မတ်လအထိလည်း Security patch ရခဲ့ပါသေးတယ်။ ဒါပေမယ့် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးကတော့ ဒီ Device နှစ်ခုကို Android Security Updates device database ထဲကနေ ဖယ်ထုတ်ပြီး ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ Galaxy S7 Active ကတော့ သုံးလတစ်ကြိမ် Security patches စာရင်းထဲမှာ ရှိနေတုန်းဖြစ်ပါတယ်။ ဘာကြောင့်လဲတော့ မသိရပေမယ့် ဒီမော်ဒယ်ကို Galaxy S7 နဲ့ S7 Edge တို့ ဖြန့်ချိပြီးမှ ဖြန့်ချိခဲ့တာကြောင့်လို့ ယူဆရပါတယ်။ ဒါပေမယ့် Active လည်း သိပ်မကြာခင်အချိန်အတွင်း စွန့်ပစ်ခံလမ်းမပေါ်လျှောက်လှမ်းသွားရမှာ အမှန်ပါပဲ။

Ref: Gizmochina