Samsung ဟာ Galaxy Z Flip ကို ဒီနှစ်အစောပိုင်းကတည်းက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Galaxy Fold ကို အောင်မြင်စွာနဲ့ ဈေးကွက်ထဲဖြန့်ချိနိုင်ခဲ့ပြီးတဲ့နောက် မထင်မှတ်လောက်အောင်ကြီးမားတဲ့ နောက်ထပ် အောင်မြင်မှုကို ထပ်ပြီးယူဆောင်ပေးတဲ့ Foldable ဖုန်းဆိုရင်လည်း မမှားပါဘူး။

DSCC (Display Supply Chain Consultants) ရဲ့ နောက်ဆုံး အစီရင်ခံစာအရ Galaxy Z Flip ဟာ ၂၀၂၀ ပြည့်နှစ် စတင်ကတည်းကနေ အခုအချိန်ထိမှာ ရောင်းအားအကောင်းဆုံး Foldable စမတ်ဖုန်းဖြစ်တယ်လို့ သိရပါတယ်။ Galaxy Fold နဲ့မတူတာက Galaxy Flip ဟာ Clamshell အမျိုးအစားဖြစ်ပြီး၊ ဒီအချက်ကလည်း လူကြိုက်ပိုများပြီး၊ ရောင်းအားပိုကောင်းလာစေတဲ့ အချက်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

Galaxy Z Flip ဟာ Qualcomm Snapdragon 855 chipset ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် Z Flip ရဲ့ ကွေးနိုင်ခေါက်နိုင်တဲ့မျက်နှာပြင်ကတော့ မူလ Galaxy Fold ထက် ပိုပြီးအဆင့်မြင့်လာတာလည်း တွေ့ရပါတယ်။ Flexible AMOLED panel ကို UTG (Ultra Thin Glass) နဲ့ ဖုံးအုပ်ကာကွယ်ထားတာက Galaxy Fold မှာသုံးထားတဲ့ CPI (Colorless Polyimide) ထက် ပိုသာလွန်တဲ့မျက်နှာပြင်ကြံ့ခိုင်မှုနဲ့အတူ နောက်ထပ် အဆင့်တစ်ခုဆီ ရောက်ရှိသွားတာပါ။

ဈေးနှုန်းအားဖြင့် နှိုင်းယှဉ်မယ်ဆိုရင်လည်း စတင်ဖြန့်ချိချိန်က $1,380 (၁၉ သိန်း နီးပါး) ရှိခဲ့တာပါ။ Galaxy Fold ရဲ့ $1,980 (၂၇ သိန်းကျော်) နဲ့ယှဉ်ရင်တော့ အတော်လေးကို သက်သာနေပါတယ်။ မျက်နှာပြင်အရွယ်အစားချင်း ကွာခြားတာကလွဲရင်၊ Foldable စမတ်ဖုန်းတစ်လုံးကပေးတဲ့ အရသာတော့ ပျောက်ကွယ်သွားခြင်းမရှိတာလည်း ဖြစ်ပါတယ်။

Galaxy Z Flip ရဲ့ ဈေးနှုန်း၊ ဒီဇိုင်း၊ တည်ဆောက်မှုပုံစံ၊ အရည်အသွေး စတဲ့ အချက်တွေဟာ Galaxy Fold တင်သာမက အခြား Foldable devices တွေထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ အနာဂတ်မှာတော့ Apple ကလည်း UTG တွေသုံးလာမှာဖြစ်သလို၊ Galaxy Z Fold 2 နဲ့ Galaxy Z Flip 2 တို့ကြား ပြိုင်ဆိုင်မှုလည်း ရှိလာမှာဖြစ်တာကြောင့် Galaxy Z Flip ရဲ့ တောက်ပချိန်တွေဟာ ဘယ်လောက်ထိ ကြာမြင့်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena