Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Galaxy Z Fold3 ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး Foldable ဖုန်းလို့ ပြောနိုင်နေပြီဖြစ်ပါတယ်။ Under Display Camera ၊ S Pen Support အပြင် Water Resistant ကိုပါ အဆင့်မြှင့်တင်ထားပေမယ့် တစ်နေရာမှာတော့ ယခင်ထက် အနည်းငယ်အားနည်းနေသလိုဖြစ်နေပါတယ်။

ဒါကတော့ Battery ပိုင်းပဲဖြစ်ပြီး Galaxy Z Fold3 မှာ 4400mAh Battery ကိုပဲ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါက ယခင် Galaxy Z Fold2 ရဲ့ 4500mAh Battery ထက်တောင် အနည်းငယ် အားနည်းနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Battery ပိုင်းမှာ Galaxy Z Fold3 က အဆင်ပြေပါ့မလားဆိုတာကလည်း စိုးရိမ်စရာဖြစ်လာပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ Galaxy Z Fold3 မှာ အသုံးပြုထားတဲ့ Eco OLED Display နည်းပညာဟာ ယခင်ထက် Battery စားသုံးမှုကို လျော့ချပေးနိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ယခု Eco OLED Display ဟာ ပုံမှန် OLED Display တွေမှာပါဝင်တဲ့ Polarizer Layer ကိုလုံးဝဖယ်ရှားလိုက်တာဖြစ်ပြီး ပါဝါစားသုံးမှုကို လျော့ချပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ Polarizer Filter ဟာ Screen Reflection တွေကို လျော့ချတဲ့နေရာမှာ အသုံးချတာဖြစ်ပြီး အခုလိုမျိုး ဖယ်ရှားလိုက်တာကြောင့် Samsung ရဲ့ Eco OLED Display ဟာ Screen Reflection ကို လျော့ချပေးဖို့အတွက် Pixel Structure ကို ပြန်လည်ပြုပြင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Samsung ရဲ့ Eco OLED Display ဟာ ယခင်ထက် Battery စားသုံးမှုပိုင်းမှာ ၂၅ ရာခိုင်နှုန်းအထိ ပိုသက်သာစေမှာဖြစ်သလို Brightness ပိုင်းမှာလည်း ယခင်ထက် ၃၃ ရာခိုင်နှုန်းခန့် ပိုတိုးတက်လာမှာဖြစ်ပါတယ်။

နောက်ထပ် အားသာချက်အနေနဲ့ကတော့ အခုလိုမျိုး Polarizer Filter ကို ဖြုတ်လိုက်တာကြောင့် ယခင်ထက် Plastic သုံးစွဲမှုကိုလည်း လျော့ချပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး Galaxy Z Fold3 ဖုန်းမှာ Eco OLED Display နည်းပညာအသစ်ကို သုံးစွဲထားတယ်ဆိုပေမယ့် Samsung ကတော့ Z Flip3 မှာပါ သုံးစွဲထားတယ်ဆိုပြီး ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref – 9to5Google