ဒီနေ့ခေတ်စမတ်ဖုန်းအများစုဟာ ပျမ်းမျှအားဖြင့် ပေးရတဲ့တန်ဖိုးနဲ့လျော်ညီတဲ့ Hardware ပိုင်းဆိုင်ရာနဲ့ Software ပိုင်းဆိုင်ရာကို ရရှိနေကြပြီလို့ ဆိုနိုင်ပါတယ်။ ဝယ်သူသုံးစွဲသူတွေအနေနဲ့ Update တွေကို အရင်တုန်းကထက် ပိုပြီးမြန်မြန်ဆန်ဆန်ရရှိနေကြပါပြီ။ ဒါပေမယ့် ထောက်ပံ့မှုအချိန်ကာလက လုံလောက်ရဲ့လားဆိုတဲ့ မေးခွန်းလည်း ရှိနေပါသေးတယ်။

စမတ်ဖုန်းမော်ဒယ်တစ်ခုရဲ့ ထောက်ပံ့ခံရမှုဟာ ပျမ်းမျှအားဖြင့် သုံးနှစ်တာကာလပဲ ဖြစ်ပါတယ်။ တစ်ဖက်ကပြောရရင်တော့ စမတ်ဖုန်းတစ်လုံးရဲ့ Lifespan ဟာ သုံးနှစ်လို့ သတ်မှတ်ထားသလိုဖြစ်နေပါတယ်။ သုံးနှစ်ကြာတိုင်း စမတ်ဖုန်းအသစ်တစ်လုံးကို အစားထိုးသုံးစွဲကြမယ်ဆိုရင်လည်း တစ်ဖက်မှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာပါဦးမယ်။

အကယ်၍ လူပေါင်းများစွာဟာ သုံးနှစ်ပြည့်တိုင်း စမတ်ဖုန်းအဟောင်းကိုစွန့်ပစ်ပြီး၊ အသစ်တစ်လုံးနဲ့အစားထိုးကိုင်တွယ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမဲ့ စွန့်ပစ်ပစ္စည်းတွေလည်း ပိုပြီးများပြားလာမယ်လို့ ဆိုနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုပြဿနာကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ထည့်သွင်းစဉ်းစားနေကြပြီး ဂျာမနီအစိုးရကလည်း သူတို့ရဲ့စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသလာပါတယ်။

ဂျာမနီအစိုးရက နောင်လာမဲ့နှစ်တွေမှာ စမတ်ဖုန်းရဲ့ သက်တမ်းကိုတိုးမြှင့်နိုင်ဖို့နဲ့ ပြန်လည်ပြုပြင်နိုင်မှုအတွက် မူဝါဒအသစ်တစ်ခုကို အဆိုတင်တွင်းလာတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက စမတ်ဖုန်းတွေအတွက် Security updates ကို ငါးနှစ်အထိ ထောက်ပံ့ဖို့ စဉ်းစားနေပေမဲ့ ဂျာမနီရဲ့ ဖက်ဒရယ်အစိုးရကတော့ Updates တွေကို ၇ နှစ်အထိ မဖြစ်မနေ ထောက်ပံ့ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ထောက်ပံ့မှုတွေမှာ OS ဗားရှင်းအသစ်တွေတော့ ပါဝင်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် Galaxy S21 ဟာ Android 18 လောက်အထိ မြှင့်တင်နိုင်မှာမဟုတ်ပါဘူး။ ဒီဂျစ်တယ်အမှိုက်တွေကို လျှော့ချဖို့ကြိုးပမ်းမှုမှာ တန်ဖိုးမကြီးမြင့်လွန်းတဲ့အရာ၊ အစားထိုးအစိတ်အပိုင်းတွေအတွက် ပြဋ္ဌာန်းချက်တွေပဲ ပါဝယ်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ နည်းပညာဆိုင်ရာရှေ့နေအဖွဲ့ DigitalEurope အဖွဲ့ကလည်း အီးယူအနေနဲ့ Security updates တွေကို သုံးနှစ်အထိ ထောက်ပံ့ပေးဖို့ သတ်မှတ်ရန်လိုအပ်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒီစံသတ်မှတ်ချက်ကို Samsung, Google, Apple နဲ့ OnePlus အပါအဝင် အခြားအမှတ်တံဆိပ်အတော်များများမှာ လိုက်နာလုပ်ဆောင်နေကြတာ တွေ့မြင်နိုင်ပါတယ်။

ဂျာမနီရဲ့အဆိုပြုချက်ဟာ Mobile computing မှာ ထုံးစံမရှိပေမဲ့ Desktop OSes တွေအတွက် ခုနှစ်တာလုံခြုံရေးအဆင့်မြှင့်တင်မှုတွေဟာ စံသတ်မှတ်ချက်ဖြစ်ပါတယ်။ ဥပမာအားဖြင့် Windows 8 ၂၀၁၂ ခုနှစ်မှာ Windows 7 ကို ဆက်ခံခဲ့ပေမဲ့ ၂၀၂၀ ဇန်နဝါရီအထိ Patches တွေကို လက်ခံရရှိခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ဂျာမနီရဲ့ အဆိုပြုချက် အကောင်အထည်မပေါ်ခဲ့ရင်တောင်မှ ဥရောပသမဂ္ဂအနေနဲ့ လာမဲ့၂၀၂၃ ခုနှစ်မှာ ၅ နှစ်တာထောက်ပံ့မှုမူဝါဒကို ပြဌာန်လာဖွယ်ရှိပါတယ်။

Ref: Android Police