Huawei ဟာ Kirin 9000 chipset နဲ့ Mate 40 ကို နိုင်ငံတကာဈေးကွက်ဆီ ပို့ဆောင်ချိန်ဟာ မျှော်လင့်ထားသလိုမဟုတ်ဘဲ နောက်ကျသွားလိမ့်မယ်လို့ နာမည်ကျော် Leakster Evan Blass က ဆိုပါတယ်။ ဒါပေမယ့် Flagship စမတ်ဖုန်းသစ်ဟာ တရုတ်ပြည်တွင်းဈေးကွက်ထဲမှာတော့ ဒီနှစ်ထဲမှာပဲ ရောင်းချမှာ ဖြစ်ပါတယ်။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးအနေနဲ့ Flagship သစ်ရဲ့ စွမ်းဆောင်ရည်တွေအကြောင်းကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ Mate 30 စီးရီးကို စက်တင်ဘာလနှောင်းပိုင်းမှာ တရုတ်ဈေးကွက်ထဲ ဖြန့်ချိခဲ့ပြီး၊ နိုဝင်ဘာလနှောင်းပိုင်းမှာတော့ ဥရောပဈေးကွက်ဆီ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ Mate 40 တွေနဲ့ပတ်သက်ပြီး နှောင့်နှေးမှုအနည်းငယ်ရှိနေတယ်လို့ သိရပါတယ်။ နောက်ကွယ်က အကြောင်းရင်းက ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် Huawei ဟာ TSMC နဲ့လက်တွဲမှုကို ဖြတ်တောက်ရတော့မှာဖြစ်ပြီး၊ Samsung နဲ့ LG တို့ဆီကနေ OLED display တွေကိုလည်း ထပ်ပြီးရရှိတော့မှာမဟုတ်ပါဘူး။ ဒါတွေက Mate 40 ရဲ့ နိုင်ငံတကာဈေးကွက်ဆီ အရောက်နောက်ကျခြင်းနဲ့ သက်ဆိုင်တယ်လို့တော့ တရားသေပြောလို့မရနိုင်သေးပါဘူး။

ကုမ္ပဏီကတော့ ထုတ်ကုန်သစ်အတွက် Chipset တွေလည်း အလုံအလောက်ရှိတယ်လို့ဆိုထားပါတယ်။ (ယူနစ်ပေါင်း ၁၀ သန်းအထိရှိတယ်လို့ ဖော်ပြထားပါတယ်) မျက်နှာပြင်အတွက်လည်း BOE ရဲ့ ထောက်ပံ့မှုရှိနေပါတယ်။ ဒီအချက်အလက်တွေက တရုတ်ပြည်တွင်းဈေးကွက်အတွက်တော့ လုံလောက်တယ်ဆိုတာကို ပြသနေပေမယ့် နိုင်ငံတကာဈေးကွက်အတွက်တော့ တိကျတဲ့အချက်အလက်ကို မပြသသေးတာပဲ ဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေအရ Huawei ရဲ့ ထုတ်ကုန်သစ်ဟာ ကမ္ဘာ့ဝယ်လိုအားမှာ အကန့်အသတ် ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။ အမေရိကန်ဈေးကွက်ကို လက်လွှတ်ထားရသလို၊ အိန္ဒိယဈေးကွက်မှာလည်း အနည်းငယ်တော့ ရုန်းကန်ရဖွယ်ရှိပါတယ်။ အလားတူပဲ ဥရောပဈေးကွက်အတွက်လည်း စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ Mate အသစ်တွေရဲ့ ရောင်းအားဟာ ၃၀% လောက် လျော့ကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Huawei Mate 40 စီးရီးကို လာမယ့် အောက်တိုဘာလလယ်လောက်မှာ တရုတ်ပြည်တွင်း ဈေးကွက်ထဲ စတင်မိတ်ဆက်မယ်လို့တော့ မျှော်လင့်ရပါတယ်။ ဥရောပရဲ့ နိုင်ငံအချို့ဟာ Huawei ရဲ့ ပစ္စည်းကိရိယာတွေကို သူတို့ရဲ့ Carrier တွေဆီမှာ အသုံးပြုခွင့် ကန့်သတ်ထားတယ်ဆိုပေမယ့် ဟန်းဆက်တွေနဲ့ပတ်သက်ရင်တော့ ဘာပြဿနာမှ ရှိမနေတာကြောင့် ပုံမှန်အတိုင်း ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena