Digitimes Research ရဲ့ သုတေသနရလဒ်အရ ကမ္ဘာ့တက်ဘလက်တင်ပို့ရောင်းချမှုဟာ ၂၀၂၀ ရဲ့ စတုတ္ထသုံးလပတ်မှာ အထွတ်အထိပ်ကို ရောက်ရှိလာမယ်လို့ သိရပါတယ်။ တိုးတက်မှုနှုန်းဟာ ၂၀၂၀ စတုတ္ထသုံးလပတ်ကုန်ဆုံးချိန်မှာ 13-quarter high အထိရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

တက်ဘလက်တင်ပို့ရောင်းချမှုနှုန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ၇.၃% QoQ (Quarter-over-Quarter) မြင့်တက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီလိုတိုးတက်လာရတဲ့အကြောင်းရင်းက အရှေ့တောင်အာရှဈေးကွက်နဲ့ အိန္ဒိယဈေးကွက်တွေဆီက အမှာစာတွေဟာ ပုံမှန်တိုးတက်မှုတွေ ရှိလာတာကြောင့်လို့လည်း သိရပါတယ်။ လက်တင်အမေရိကားကတော့ ပညာရေးဆိုင်ရာရည်ရွယ်ချက်ကြောင့် အမှာစာတိုးလာတာ ဖြစ်ပါတယ်။

တတိယသုံးလပတ်အတွင်း ကမ္ဘာ့တက်ဘလက်တင်ပို့ရောင်းချမှုစုစုပေါင်းဟာ ၄၈.၈၃ သန်း အထိရှိလာပြီး QoQ အရ ၁၀.၅% နဲ့ YoY အရ ၀.၄% တိုးလက်လာတာလည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ Apple မဟုတ်တဲ့ အမှတ်တံဆိပ်တွေက ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ဈေးနှုန်းတွေနဲ့ ဈေးကွက်ကိုလွှမ်းမိုးထားကြတာလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် Apple ဟာ Samsung, Huawei, Amazon နဲ့ Lenovo စတဲ့ထိပ်တန်းအမှတ်တံဆိပ်တွေကို ဦးဆောင်နိုင်တုန်းလို့ ဆိုနိုင်ပါတယ်။

Lenovo ကတော့ စတုတ္ထသုံးလပတ်မှာ တင်ပို့ရောင်းချမှုကိုတိုးချဲ့ပြီး Huawei နဲ့ Amazon တို့ကိုဖြုတ်ချလို့ တတိယနေရာကို ရယူနိုင်မယ့်အလားအလာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်တုန်းကတော့ Lenovo နဲ့ Huawei တို့ဟာ အမြန်ဆုံးဖွံဖြိုးတိုးတက်လာတဲ့ တက်ဘလက်အမှတ်တံဆိပ်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုက Huawei ရဲ့တိုးတက်မှုအတွက် အနှောင့်အယှက်ဖြစ်နေရပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာအချက်က 10.1-inch အနဲ့အထက်အရွယ်အစားရှိတဲ့ တက်ဘလက်တွေရဲ့တင်ပို့ရောင်းချမှုနှုန်းဟာ ပြီးခဲ့တဲ့တတိယသုံးလပတ်တုန်းက ၈၀% အောက်သာဖြစ်ခဲ့တဲ့အတွက် အရွယ်အစားသေးငယ်တဲ့ တက်ဘလက်တွေရဲ့ဝယ်လိုအားက မြင့်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုအတွင်းမှာ ပိုကြီးမားတဲ့အရွယ်အစားနဲ့တက်ဘလက်တွေဟာ ပညာရေးနဲ့မီဒီယာကဏ္ဍတွေရဲ့တောင်းဆိုမှုကြောင့် ကြီးမားတဲ့ဝယ်လိုအားတွေဖြစ်လာတာတော့ အမှန်ပါပဲ။

Ref: Gizmochina