X-Mode Social ကုမ္ပဏီဆိုတဲ့နာမည်ကို သိတဲ့သူ နည်းပါတယ်။ ဒါပေမယ့် အဲဒီကုဒ်ဟာ ဖုန်းအတော်များများရဲ့ App အချို့မှာရှိနေပြီး စမတ်ဖုန်းပိုင်ရှင်ကိုခြေရာခံထားပြီး တည်နေရာကို ရောင်းနေတာ ဖြစ်ပါတယ်။ အခုတော့ Google နဲ့ Apple တို့က ဒီကိစ္စကို ရပ်တန့်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

နည်းပညာကုမ္ပဏီတွေဟာ X-Mode ရဲ့ ကုဒ်တွေကို သူတို့ရဲ့ Application တွေကနေဖယ်ရှားဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ သက်ဆိုင်ရာ App store ကနေ ဆွဲထုတ်ဖို့အတွက် Developer တွေကို ပြောနေကြတယ်လို့ Wall Street Journal က ရေးသားဖော်ပြခဲ့ပါတယ်။ X-Mode က Developer တွေကို သူတို့ရဲ့ App ထဲထည့်ဖို့ ကုဒ်တွေပေးပါတယ်။ SDK လို့ လူသိများပါတယ်။ ဒါဟာ အသုံးပြုသူကို ခြေရာခံပြီး တည်နေရာကို X-Mode ဆီပြန်ပို့စေတာပါ။

အပြန်အလှန်အားဖြင့် X-Mode ဟာ Developer တွေကို ကုဒ်ထည့်ထားတဲ့ Application ကို အသုံးပြုတဲ့ပမာဏအလိုက် ငွေပေးခြေတာ ဖြစ်ပါတယ်။ ကုမ္ပဏီနဲ့အဆိုအရ ဒီနည်းပညာဟာ မွတ်စလင်ဘာသာဝင်တွေကို ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတဲ့ App တွေအပါအဝင် App ပေါင်း ၄၀၀ ကျော်မှာ ရှိနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဘယ်အချိန်မှာ ဝတ်ပြုရမယ်ဆိုတာကို သတိပေးတဲ့၊ Muslim-focused dating app တွေမှာ ပါဝင်တယ်ဆိုပါတယ်။

SDK ကို ဖယ်ရှားဖို့အတွက် Apple ကတော့ Developer တွေကို အချိန် ၂ ပတ်ပေးထားပြီး Google ကတော့ အချိန် တစ်ပတ်ပဲ ပေးထားပေမယ့် ရက် ၃၀ တိုးမြှင့်ခွင့် တောင်းခံနိုင်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး သုံးစွဲသူတွေရဲ့ တည်နေရာကိုခြေရာခံပြီး အချက်အလက်ရောင်းစားတဲ့ကိစ္စဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

X-Mode ကို ပိတ်ပင်ရတဲ့ အကြောင်းရင်းက ဒီအချက်အလက်တွေကို အမေရိကန်စစ်တပ်ဆီ ရောင်းချခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း Motherboard က ရေးသားဖော်ပြထားပါသေးတယ်။ X-Mode ကတော့ Advertising SDKs အများစုလိုပဲ တူညီတဲ့ မိုလ်ဘိုင်း App ဒေတာတွေကို ကောက်ယူတာသာဖြစ်တယ်လို့ အခိုင်အမာငြင်းဆိုထားပါတယ်။

Ref: The Verge