Google Chrome Browser ဟာ လက်ရှိမှာ အသုံးပြုသူအများဆုံး Web Browser တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အခုလို အသုံးပြုသူများပြားသလို တဖက်မှာလည်း Chrome Browser ဟာ တခြားသော Apple Safari ၊ Microsoft Edge တို့နဲ့ နှိုင်းယှဥ်ရင် Battery နဲ့ RAM စားသုံးမှုမြင့်မားတဲ့အတွက် ဝေဖန်ခံနေရဆဲဖြစ်ပါတယ်။

အခုအချိန်မှာ Google ကနေ ဒီလိုမျိုး Chrome Browser ရဲ့ အားနည်းချက်လို့ ဆိုနိုင်တဲ့ အချက်တွေကို နောက်ဆုံး Update နဲ့ ပြင်ဆင်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါက Google Chrome မှာ RAM နဲ့ Battery စားသုံးမှုကို လျော့ချပေးနိုင်တဲ့ Memory Saver နဲ့ Energy Saver Feature တွေကို ထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။

Memory Save Feature ဟာ Chrome Browser မှာ အသုံးပြုခြင်းမရှိတဲ့ Tab တွေက အသုံးပြုနေတဲ့ RAM ပမာဏကို တခြားသော Application နဲ့ အသုံးပြုမှုတွေအတွက် ရှင်းလင်းပေးတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ အသုံးမပြုတဲ့ Tab တွေကို ဝင်ကြည့်မယ်ဆိုရင် Reload ပြုလုပ်ပြီး အလိုအလျောက်ပြန်လည်အသုံးပြုနိုင်မှာပါ။

Google ရဲ့ ပြောကြားချက်အရ အဆိုပါ Memory Saver Feature ဟာ Chrome Browser ကို သာမန်ထက် ၃၀ ရာခိုင်နှုန်းခန့် ပိုပြီး RAM စားနှုန်း သက်သာစေမယ်လို့ သိရပါတယ်။

အလားတူ Energy Saver Feature ဟာလည်း Laptop တွေအတွက် ပိုသင့်တော်ပြီး Enable ပြုလုပ်လိုက်တဲ့အချိန်မှာ Animation တွေ၊ Smooth Scrolling နဲ့ Video Frame Rate တွေကို လျော့ချပြီး Battery စားသုံးမှုကို လျော့ချပေးမှာဖြစ်ပါတယ်။ Energy Saver Feature ကို Battery ၂၀ ရာခိုင်နှုန်းအောက်ရောက်သွားတဲ့အချိန် (သို့မဟုတ်) Device ကို အားသွင်းကြိုးဖြုတ်လိုက်တဲ့အချိန်မှာ အလိုအလျောက် Enable ပြုလုပ်အောင်လည်း ပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Feature အသစ်တွေဟာ Google Chrome Browser ရဲ့ Settings – Performance မှာ ပါဝင်လာမှာဖြစ်ပြီး ယခင်ထက် ပိုပြီး RAM နဲ့ Battery စား သက်သာသွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – 9to5Google