Google ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက $399 ကနေစတင်တဲ့ Mid Range ဖုန်းတွေဖြစ်တဲ့ Google Pixel 3a နဲ့ Pixel 3a XL ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ယခုနှစ်မှာလည်း ပြီးခဲ့တဲ့မေလတုန်းက Pixel 4a ဖုန်းကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ဖူးပေမယ့်လည်း အခုအချိန်အထိ မိတ်ဆက်ရောင်းချခြင်းမရှိသေးပါဘူး။

ဒီလိုမျိုး Pixel 4a စမတ်ဖုန်းတွေကို ရောင်းချသေးခြင်းမရှိသေးပေမယ့် Google ကနေ Pixel 3a နဲ့ 3a XL ဖုန်းတွေကို ရောင်းချနေမှုကိုတရားဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ရဲ့ တရားဝင် Website မှာ ဝယ်ယူနိုင်မှာမဟုတ်တော့သလို ကျန်တဲ့ Retail Store တွေမှာလည်း Stock ကျန်တဲ့အထိပဲ ရောင်းချသွားတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လောလာဆယ်အထိကတော့ Pixel 3a ဖုန်းတွေကို Google Store မှာ Out of Stock လို့ပဲ ရေးသားထားပြီးတော့ Pixel 3 ဖုန်းတွေလိုမျိုးတော့ လုံးဝ Website ကနေ ဖယ်ရှားခဲ့ခြင်းမရှိသေးပါဘူး။ ပုံမှန်အားဖြင့် Google ဟာ အစားထိုးမယ့်စမတ်ဖုန်းအသစ်မိတ်ဆက်တော့မယ့်အချိန်မှာ အခုလိုမျိုး ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်တဲ့အတွက် မကြာခင်မှာ Google Pixel 4a စမတ်ဖုန်းကို မိတ်ဆက်လာတော့မယ့်ပုံစံပါပဲ။

Google Pixel 4a စမတ်ဖုန်းဟာ 5.8″ Punch-hole Selfie Camera ပါဝင်တဲ့ OLED Display ၊ Qualcomm Snapdragon 730 Chipset နဲ့ RAM 6GB ပါဝင်မှာဖြစ်ပြီး Camera အနေနဲ့ကတော့ Single 12.2MP Back Camera နဲ့ 8MP Selfie Camera တွေပါဝင်မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အခုပုံစံအတိုင်းဆိုရင်တော့ Google Pixel 4a ဖုန်းဟာ မကြာခင်မှာ တရားဝင်မြင်တွေ့ရတော့မှာပါ။

Ref – GSM Arena