လက်ရှိအချိန်မှာ COVID-19 ဗိုင်းရပ်စ် အန္တရာယ်ကြောင့် လုပ်ငန်းခွင်တော်တော်များများမှာ အိမ်ကနေပဲ အလုပ်လုပ်ကိုင်ဖို့ကို အားပေးနေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အချင်းချင်းဆက်သွယ်ဖို့ကို Video Call တွေ၊ Video Conferencing တွေနဲ့ပဲ အသုံးပြုနေရတာပါ။

အခုအချိန်မှာလည်း Google ရဲ့ Video Calling App တစ်ခုဖြစ်တဲ့ Google Duo ကနေ Group Video Call ခေါ်ဆိုနိုင်တဲ့အရေအတွက်ကို ၁၂ ယောက်အထိ တိုးမြှင့်ပေးလိုက်တယ်လို့သိရပါတယ်။ Google Duo ဟာ စစခြင်းတုန်းက Group Video Call ကို ၄ ယောက်ပဲ အများဆုံးခေါ်ဆိုနိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ ၈ ယောက်အထိ ခေါ်ဆိုနိုင်အောင် Update ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

Google ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းကလည်း လုပ်ငန်းပိုင်းတွေ၊ ကျောင်းတွေအတွက် G Suite အသုံးပြုသူတွေပဲ အသုံးပြုလို့ရခဲ့တဲ့ Hangouts Meet ကို အခမဲ့ပေးသုံးထားခဲ့ပါသေးတယ်။ ဒီလိုမျိုး ပြုလုပ်ခဲ့တာကြောင့်လည်း Work From Home လုပ်နေရတာက ပိုပြီးလွယ်ကူသွားခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့် တဖက်မှာတော့ အိမ်မှာနေပြီး အသုံးပြုသူတွေများပြားလာတဲ့အတွက် YouTube လိုမျိုး Streaming Service တွေမှာတော့ Default Streaming Quality ကို 480p အထိ လျော့ချခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Google Duo ရဲ့ လူ ၁၂ ယောက်အထိ ခေါ်ဆိုနိုင်တဲ့ Group Video Call Update ဟာ Server ဘက်က Update လုပ်ပေးတာဖြစ်တဲ့အတွက် Duo App ကို သွင်းထားတယ်ဆိုရင် အခုပဲစတင်ပြီး အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

Ref – 9to5Google