Apple က iOS 13 မှာ Dark Mode ထည့်သွင်းပေးအပြီး ၂ နှစ်နီးပါး အကြာမှာ Google က iOS ရဲ့ Maps မှာ Dark Mode ထည့်သွင်းပေးလိုက်ပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဒီလုပ်ဆောင်ချက်ကို iOS မှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ညအချိန်နဲ့ အလင်းရောင် နည်းပါးတဲ့ အချိန်တွေမှာ အသုံးဝင်မှာ ဖြစ်ပါတယ်။ Dark Mode ရဲ့ ဒီဇိုင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

iOS ရဲ့ Google Maps မှာ Dark Mode ကို On ဖို့အတွက် Settings Menu ထဲက Dark Mode ထဲဝင်ပြီး  On ပေးရမှာ ဖြစ်ပါတယ်။ Google Maps မှာ Dark Mode နဲ့ Light Mode ကို System Settings အပေါ် မူတည်ပြီး ပြောင်းလဲ ကြည့်ရှုနိုင်တယ်လို့ Google က The Verge ကို ပြောပါတယ်။

iOS ရဲ့ Google Maps မှာ လုပ်ဆောင်ချက် အသစ်တွေကို ဒီလထဲ ထည့်သွင်းပေးထားပါတယ်။ Widgets ထောက်ပံ့ထားပြီး Option ၂ ခုထဲက ရွေးချယ်နိုင်ပါတယ်။ ၁ ခုက အနီးအနားက ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို ပြသပေးပြီး နောက် ၁ ခုက Google Maps Search Bar ရဲ့ Shortcuts နဲ့ သင့် အိမ်၊ စားသောက်ဆိုင်လို တည်နေရာတွေရဲ့ Shortcuts တွေ ဖြစ်ပါတယ်။

Google က iMessage ကနေ သင့် တည်နေရာကို မျှဝေနိုင်တဲ့ လုပ်ဆောင်ချက်ကို မကြာခင် ထည့်သွင်းပေးမှာ ဖြစ်ပြီး Group Chat မှာ သင့် မိသားစု၊ သူငယ်ချင်းတွေအား သင်ဘယ်ရောက်နေသလဲ ဆိုတာ ပြောပြဖို့ အသုံးဝင်ပါတယ်။ Default အနေနဲ့ သင့် တည်နေရာကို ၁ နာရီကြာ မျှဝေနိုင်မှာ ဖြစ်ပေမယ့် အလိုရှိရင် ၃ ရက်အထိ မျှဝေနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို သင့်ဖုန်းမှာ ရပြီ ဆိုရင် iMessage ကနေ Google Maps Icon ကို နှိပ်ပြီး သင့် တည်နေရာကို မျှဝေနိုင်ပါတယ်။

Ref : theverge