ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြီး ပျံ့နှံ့လာတာဖြစ်ပေမယ့် အခုအခါမှာတော့ ကမ္ဘာအနှံ့ကို လျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့ကူးစက်နေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကို ခံစားရတဲ့အထဲမှာ အမေရိကန်နိုင်ငံလည်း ပါဝင်နေပါပြီ။

အမေရိကန်နိုင်ငံတွင်းမှာ NHL, MLB, MLS အစီအစဉ်တွေကို ဆိုင်းငံ့ထားခဲ့သလို NBA ၂၀၁၉−၂၀၂၀ ရာသီလည်း ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။ ဧပြီလလယ်လောက်ထိ ထိန်းချုပ်ကန့်သတ်မှုတွေ တင်းကြပ်နေဦးမှာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေလည်း သူတို့ရဲ့ လုပ်ငန်းချိန်တွေကို ပြောင်းလဲမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေရဲ့ ပိတ်ချိန်၊ ဖွင့်ချိန်တွေကို အလွယ်တကူသိနိုင်ဖို့ Google Maps က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ Google My Business Help မှာ ဖော်ပြထားတာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းချိန်ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ အချက်အလက် အသစ်တွေကို ပေးပို့ဖို့တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် တစ်နေရာထက်ပိုတဲ့ လက်လီစီးပွားရေးလုပ်ငန်းတွေအနေနဲ့ စားသုံးသူဖောက်သည်က ခေါ်ဆိုဆက်သွယ်ဖို့ အရေးပါတဲ့ ဖုန်းနံပါတ်တစ်ခု (Hot-line လိုမျိုး) ပေးထားဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်က သတ်မှတ်ထားတဲ့နေရာတစ်ခုခုမှာ ဝန်ဆောင်မှုပေးမယ်ဆိုရင် အဲဒီနေရာကို စားသုံးသူဖောက်သည်တွေ သိဖို့၊ ဆက်သွယ်ဖို့ တိုက်ရိုက်စက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်နဲ့ Post တစ်ခုကို ဖန်တီးထားနိုင်တယ်လို့ သိရပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ဒေသတွင်းက စီးပွားရေ:လုပ်ငန်းတွေရဲ့ နေရာဒါမှမဟုတ် လုပ်ငန်းချိန်ပြောင်းလဲမှုတွေကို Google က သိရှိမှာဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကို Google Search and Maps မှာ ချက်ချင်း မရနိုင်သေးပေမယ့် Google က ပြန်လည်သုံးသပ်ပြီး နောက်ဆုံးဖော်ပြချိန်မှာတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်ချိန်နဲ့ ပြောင်းလဲမှုတွေကို Google Maps ကတစ်ဆင့် စားသုံးသူတွေက အတိအကျ သိနိုင်မယ်လို့ ဆိုပါတယ်။

Ref: Phonearena