ဒီရက်ပိုင်းအတွင်းမှာ Google Fold နဲ့ပတ်သက်တဲ့သတင်းတွေ ပြန်လည်ထွက်ပေါ်လာပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးအချက်နှစ်ချက်က Google Fold ကို ဒီနှစ်ရဲ့ စတုတ္ထသုံးလပတ်ထဲမှာ ဖြန့်ချိမယ်လို့ အခိုင်အမာပြောထားတဲ့သတင်းရယ်၊ Android 12.1 ဟာ Foldable တွေအတွက် ရည်ရွယ်ထားကြောင်း XDADeveloper က မီးမောင်းထိုးပြခဲ့တဲ့ သတင်းရယ်ပဲ ဖြစ်ပါတယ်။

Android 13 မတိုင်မီ Android 12 အပြင်ထပ်ထွက်လာဦးမဲ့ Android 12.1 ဟာ Foldable ဖုန်းတွေအတွက် Feature ပေါင်းများစွာယူဆောင်လာပြီး၊ အထူးသဖြင့် Google ရဲ့ Foldable device လုပ်ငန်းတွေအပေါ် ပိုပြီးသက်ရောက်နိုင်ခြေရှိတယ်လို့ XDADeveloper က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ Android 12 sc-v2 (Android 12.1) မှာ Frequently နဲ့ Recently used app တွေကို ပြသမဲ့ Hidden taskbar feature လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Tutorial မှာ App နှစ်ခုကို Split-screen view အနေနဲ့ ဘယ်လိုသုံးရမလဲဆိုတာကို ဖော်ပြခဲ့ပါသေးတယ်။ Google ဟာ သရုပ်ပြဖို့ မူလအသုံးပြုထားတဲ့ပုံကို ဖယ်ရှားခဲ့ပြီး အခြားရုပ်ပုံတစ်ခုနဲ့အစားထိုးခဲ့ပေမဲ့ ဖယ်ရှားခံခဲ့ရတဲ့ မူလရုပ်ပုံဟာ Pixel Fold render ဟုတ်မဟုတ်ကို အတည်မပြုနိုင်ခဲ့ပါဘူး။ App ဟာ Full-screen mode ဖြစ်သွားချိန်မှာ Taskbar ဟာ ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။

Google ဟာ Unfolding animations တွေ ပိုပြီးတိုးတက်အောင်လည်း ဆောင်ရွက်နေပုံပေါ်ပါတယ်။ အခုအချိန်အထိတော့ Pixel Fold ဟာ လျှို့ဝှက်ဆန်းကြယ်ပုံပြင်တစ်ပုဒ်လိုပဲ ဖြစ်နေပါသေးတယ်။ ကောလာဟလသတင်းတွေအချို့မှာတော့ 7.57-inch အဓိကမျက်နှာပြင်နဲ့ 120Hz refresh rate ထောက်ပံ့ထားပြီး ဘေးဘောင်မှာ Fingerprint reader ကို တပ်ဆင်ထားမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ Chip ကတော့ Pixel 6 နဲ့ Pixel 6 Pro လိုပဲ Tensor chip သုံးလာမယ်လို့ မျှော်လင့်ရပါတယ်။

နောက်ထပ်မြင်တွေ့ရတဲ့ စိတ်ဝင်စားစရာက “Jumbojack” ပါပဲ။ ဒါဟာ နောက်ထပ်မျိုးဆက်သစ် Pixel foldable phone ရဲ့ Codename ဖြစ်တယ်လို့ 9To5Google က ခန့်မှန်းဖော်ပြထားပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ထွက်ရှိလာနိုင်တဲ့ Pixel Fold ရဲ့ Codename က “Passport” ဖြစ်ပါတယ်။ “Jumbojack” က ဒုတိယမျိုးဆက် Pixel fold ဟုတ်မဟုတ်အတည်မပြုနိုင်သေးပေမဲ့ မျက်နှာပြင်နှစ်ခုပါဝင်ပြီး ခေါက်နိုင်တဲ့ Device တစ်ခုဖြစ်ကြောင်းသဲလွန်စတွေတော့ တွေ့မြင်ရပါတယ်။

“Jumbojack” ဟာ Jack in the Box က Jumbo Jack cheeseburger ကို ရည်ညွှန်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပေမဲ့ ဒါဟာ Samsung Galaxy Z Flip (hamburger style) ဒါမှမဟုတ် Z Fold (hotdog style) တွေထဲက ဘယ်လိုပုံစံမျိုးဖြစ်နိုင်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိနိုင်သေးပါဘူး။ ပိုပြီးမရှင်းလင်းတာက Jumbojack ဟာ Android 12 run ပေမဲ့ Android 12.1 မတိုင်မီ အခြား Foldable တွေမှာ မမျှော်လင့်နိုင်တဲ့ Feature တွေ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Ref: PhoneArena