Google ဟာ Apple ရဲ့ Find My Network လို ပျောက်နေတဲ့ ပစ္စည်းတွေကို  ဖုန်းကနေ ရှာဖွေနိုင်တဲ့ နည်းပညာကို ဖန်တီးနေတယ်လို့ 9to5Google က ပြောပါတယ်။ Google Play Services မှာ ဖုန်းကနေ တခြား Device တွေကို ရှာဖွေနိုင်တဲ့ ကုဒ်တွေကို တွေ့လာရပါတယ်။

Google ရဲ့ လက်ရှိ Find My Device နည်းပညာက ပျောက်နေတဲ့ ဖုန်းတွေကိုပဲ ရှာပေးနိုင်တာဖြစ်သလို အဲဒီ ဖုန်းဟာ ပါဝါဖွင့်ထားပြီး မိုဘိုင်းဒေတာ သို့မဟုတ် WiFi မိနေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Location Services ကိုလည်း ဖွင့်ထားရမှာပါ။ အခု Google ဖန်တီးနေတဲ့ နည်းပညာက ပိုအဆင့်မြင့်မှာ ဖြစ်ပြီး ဖုန်းတွေ သာမက တခြား ပစ္စည်းတွေကိုပါ ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။

Google ဟာ Android ဖုန်း ကွန်ရက်တွေကို အသုံးပြုပြီး ငလျင်လှုပ်တာကို ခြေရာခံနိုင်တဲ့ နည်းပညာကို ဖန်တီးထားပါတယ်။ အခု ဖန်တီးနေတဲ့ တည်နေရာခြေရာခံတဲ့ နည်းပညာနဲ့ သဘောတရားချင်း အရမ်း တူညီပါတယ်။ Android Device ၃ ဘီလီယမ်ကျော်တောင် ရှိတဲ့အတွက် အဲဒီ ဖုန်းတွေကနေ သတင်းအချက်အလက်တွေ စုဆောင်းလို့ရပါတယ်။

9to5Google က အဲဒီ လုပ်ဆောင်ချက်ကို ပိတ်ထားနိုင်တဲ့ Setting ၁ ခုကိုတွေ့ရတယ်လို့ ပြောပါတယ်။ လက်ရှိမှာ Apple Find Network နဲ့ Samsung Galaxy Find Network တို့ဟာ ဖုန်းတွေသာမက တခြား ပစ္စည်းတွေကိုပါ ရှာပေးနိုင်ပါတယ်။ Google Find My Device Network ရဲ့ အလုပ်လုပ်ပုံကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref : theverge