အကယ်၍ သင်ဟာ အွန်လိုင်းငွေပေးချေမှုပြုလုပ်ချိန်၊ ဒါမှမဟုတ် အကောင့်ထဲကိုဝင်ဖို့ ပြုလုပ်ချိန်မှာ SMS ကနေတစ်ဆင့် တစ်ခါသုံးကုဒ်နံပါတ် ပို့ပေးပြီး၊ ဒီကုဒ်နံပါတ်ကို အသုံးပြုဖို့တောင်းဆိုတာ ကြုံဖူးပါလိမ့်မယ်။ ဒီ တစ်ခါသုံးကုဒ်နံပါတ်တွေဟာ တိုတောင်းတဲ့အချိန်အကန့်အသတ်အတွင်း အသုံးပြုရတာပါ။

လက်ခံပြီး မိနစ်အနည်းငယ်အကြာမှာ အသုံးပြုနိုင်ခြင်းမရှိတော့တဲ့ ဒီ Message တွေများပြားလာရင် ဖျက်ပစ်ရတာကလည်း အလုပ်ပိုတစ်ခုလို ဖြစ်လာတတ်ပါတယ်။ မဖျက်ပြန်ရင်လည်း OTP message တွေက ရှုပ်ပွနေသလို ဖြစ်နေပြန်တာအမှန်ပါပဲ။ ဒီလိုအလုပ်မရှုပ်အောင် Google က ပြုလုပ်ပေးနေတယ်လို့ XDADeveloper တို့က ဆိုလိုက်ပါတယ်။

Google ဟာ OTP message တွေကို အလိုအလျောက်ဖျက်နိုင်အောင် သူ့ရဲ့ Message App နဲ့ ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။ XDADeveloper ရဲ့ အဆိုအရ Google ဟာ Message တွေကို ၂၄ နာရီမှာ တစ်ကြိမ် ဖျက်ပစ်ဖို့ နည်းလမ်းကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီအထောက်အထားဟာ Version 6.7.067 ကို မွှေနှောက်ကြည့်ရာကနေတွေ့လာတာလည်း ဖြစ်ပါတယ်။

App ဟာ မလိုအပ်တဲ့ Message တွေကို အလိုအလျောက် သန့်ရှင်းရေးလုပ်သင့်မလုပ်သင့်၊ ဒါမဟုတ် OTP တွေကို စုဆောင်းထားသင့်မသင့် မေးမြန်းမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ Google Message ရဲ့ လာမယ့် ဗားရှင်းမှာပါဝင်လာမှာလား၊ ဒါမှမဟုတ် နောက်ဆုံးအဆင့်အနေနဲ့ အချောထွက်လာဖို့ အပြီးသတ်တည်ဆောက်ချိန် ထပ်ယူဦးမှာလားဆိုတာကိုတော့ သေချာရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: androidpolice