Google ကနေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက Pixel 4 နဲ့ Pixel 4 XL စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တယ်ဆိုပေမယ့် အရှေ့နှစ်တုန်းက ထွက်ရှိထားတဲ့ Pixel 3 Series ဖုန်းတွေကိုပါ ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ အဆိုပါ Pixel 3 Series ဖုန်းတွေရောင်းချမှုကို လုံးဝရပ်ဆိုင်းလိုက်ပါပြီ။

အဲ့ဒီအတွက် ပုံမှန် Google Store Website မှာ Pixel 4 Series ဖုန်းအပြင် Google Pixel 3 Series နဲ့ 3a ဖုန်းတွေကို ဝယ်ယူနိုင်ပေမယ့် အခုအချိန်မှာတော့ Pixel 4 Series နဲ့ Pixel 3a ဖုန်းတွေကိုပဲ ဝယ်ယူနိုင်တော့မှာပါ။ Pixel 3a ဖုန်းတွေကိုလည်း မကြာခင် Pixel 4a မိတ်ဆက်တဲ့အချိန်မှာ အရောင်းရပ်ဆိုင်းလိုက်ဖို့များနေပါတယ်။

တကယ်လို့ Google Store မှာ Pixel 3 ကို ရှာဖွေနိုင်တယ်ဆိုရင်တောင်မှ Stock ပြတ်သွားပြီလို့ပဲ ဖော်ပြနေမှာဖြစ်ပြီးတော့ Best Buy နဲ့ B&H Photo တို့မှာ ကျန်ရှိနေသေးတဲ့ဖုန်းတွေကို ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ မနှစ်တုန်းကလည်း Pixel 2 Series ကို ဧပြီလဝန်းကျင်မှာ အရောင်းရပ်ဆိုင်းလိုက်တဲ့အတွက် ဒီနှစ်လည်း Google က ပုံစံတူဆောင်ရွက်နေပုံပါပဲ။

ဒီလိုမျိုး Pixel 3 Series ကို အရောင်းရပ်ဆိုင်းတာက မကြာခင်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Pixel 4a စမတ်ဖုန်းတွေကို ရောင်းအားကောင်းစေဖို့ ဖြစ်နိုင်တဲ့အတွက် တရားဝင်မိတ်ဆက်ဖို့ နီးကပ်လာပြီလို့ ယူဆရပါတယ်။

Ref – GSM Arena