Google ဟာ Android 11 Beta နဲ့ပတ်သက်ပြီး အလုပ်များတယ်လို့ ဆိုနိုင်ပါတယ်။ အသစ်တွေရဲ့ထုံးစံအတိုင်း အမှားတွေ၊ အလွဲတွေ၊ လိုအပ်ချက်တွေရှိနေတာကြောင့် ဒါတွေကို ပြန်ပြီးတော့ ပြုပြင်၊ ပြုပြင်ပြီးသားကို တစ်ခါပြန်ဖြန့်၊ နောက်ဆုံးအမှားကင်းသွားပြီလို့ ယူဆတော့မှ Final ဆိုပြီး ဖြန့်ရတာပါ။ အခု Android 11 မှာလည်း ဒီလိုပါပဲ။

ဖေဖော်ဝါရီလဆန်းတုန်းကတော့ Android 11 Developer Preview အနေနဲ့ ထွက်လာပါတယ်။ ဇွန်လဆန်းကစပြီး Android 11 Beta ကို စမ်းသပ်အသုံးပြုနိုင်တဲ့ ဟန်းဆက်တွေများလာပြီးတဲ့နောက် Google ကလည်း တုန့်ပြန်မှုတွေပေါ်မူတည်ပြီး ပြင်ဆင်ချက်တွေ စတင်လုပ်ဆောင်လာခဲ့ရပါတယ်။

အခုလည်း အသေးစားပြင်ဆင်မှုတွေပြုလုပ်ပြီး Android 11 Beta 1.5 ဆိုပြီး ထပ်ထုတ်ပေးလိုက်ပြန်ပါပြီ။ Build number က အသစ်ဖြစ်ပြီး RPB1.200504 နဲ့ထွက်လာတာပါ။ ဒါကို Android Beta program မှာ စမ်းသပ်သုံးစွဲခွင့်ရထားတဲ့ Pixel ဖုန်းတွေဆီ ပို့ဆောင်တော့မှာလည်း ဖြစ်ပါတယ်။ အသေးစားပြင်ဆင်မှုကတော့ Google Play ကို ပိုပြီးကောင်းကောင်း လည်ပတ်စေတယ်လို့ သိရပါတယ်။

Google Play မှာ App တွေပြောင်းဖို့အတွက် Gesture navigation သုံးရာမှာ Reboot crash ဖြစ်နေတာကို ပြုပြင်လိုက်တာလို့ ဆိုပါတယ်။ Bluetooth ပိုင်းလည်းတိုးတက်လာသလို၊ Pixel 3 နဲ့ 3a မှာရှိတဲ့ eSIM နဲ့ပတ်သက်တဲ့ ချို့ယွင်းချက်အချို့လည်း ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချို့ယွင်းချက်တွေ၊ ပြဿနာတွေကတော့ ကျန်နေဦးမှာဖြစ်တဲ့အတွက် နောက်ထပ်ပြင်ဆင်မှုတွေကိုလည်း ကြုံလာရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena