Google Photos App ဟာ သင့်ဖုန်းက ဓါတ်ပုံ၊ ဗီဒီယိုတွေကို Cloud မှာ သိမ်းပေးတဲ့အတွက် ဖုန်း Storage နည်းလာရင် အရမ်း အသုံးဝင်ပါတယ်။ ဒါ့အပြင် App မှာ ဓါတ်ပုံတွေ Edit လုပ်နိုင်တာ၊ AI နဲ့ ဓါတ်ပုံတွေ ရှာဖွေပေးတာတွေအပြင် လုပ်ဆောင်ချက်များစွာ ပါပါတယ်။ သင့် ဖုန်းက Google Photos App မှာ တခြား သူတွေ မမြင်စေချင်တဲ့ ဓါတ်ပုံတွေ ရှိနေနိုင်ပါတယ်။ ဒါ့အပြင် တစ်စုံတစ်ယောက်က သင့်ဖုန်းကို ယူစစ်ဆေးရင် မမြင်စေချင်တဲ့ ဓါတ်ပုံတွေ ရှိနိုင်ပါတယ်။ အဲဒီအတွက် Google က Photos App မှာ Locked Folder လုပ်ဆောင်ချက် အသစ်ကို ထည့်ပေးလိုက်ပါတယ်။

App မှာ Locked Folder ၁ ခု ဖန်တီးပြီး Passcode သို့မဟုတ် သင့် လက်ဗွေရာနဲ့ ကာကွယ်ထားနိုင်ပါတယ်။ အဲဒီ Folder ကို  ဖွင့်ချင်ရင် Passcode သို့မဟုတ် သင့် လက်ဗွေရာကို အသုံးပြုရမှာပါ။ အဲဒီ Folder မှာ သူများတွေ မမြင်စေချင်တဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ထည့်သွင်းထားနိုင်ပါတယ်။  ဒါဆိုရင် Google Photos App ကို ဖွင့်ရင် Camera Roll မှာ အဲဒီ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို မြင်ရမှာ မဟုတ်ပါဘူး။ Locked Folder ထဲမှာပဲ ရှိတဲ့အတွက် သင်ပဲ ဝင်ရောက်ကြည့်နိုင်မှာပါ။

အဲဒီလို ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ဖုန်းမှာ ဖွက်ပေးတဲ့ App များစွာ ရှိပါတယ်။ ဒါပေမယ့် Android ဖုန်း အများစုမှာ  ပါလာတဲ့ Google Photos App မှာ ဒီလုပ်ဆောင်ချက် ထည့်သွင်းပေးလိုက်တာကြောင့် တခြား App တွေ သုံးစရာ မလိုတော့ပါဘူး။

ဒီလုပ်ဆောင်ချက်ကို Google Pixel ဖုန်းတွေမှာ အရင်ဆုံးရမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြား Android ဖုန်းတွေအတွက် ထည့်သွင်းပေးမယ်လို့ Google က ပြောပါတယ်။

Ref : xda-developers