Google Photos ရဲ့ လူကြိုက်များတဲ့အချက်တွေထဲက တစ်ခုကိုပြပါဆိုရင် ဓါတ်ပုံနဲ့ဗီဒီယိုတွေကို အကန့်အသတ်မဲ့ သိမ်းဆည်းထားနိုင်ပြီး Compressed format နဲ့ Backups လုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခမဲ့ဝန်ဆောင်မှုဟာ မဝေးတော့တဲ့အနာဂတ်မှာ ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။

Google ဟာ Google Photos ရဲ့ အခမဲ့ဝန်ဆောင်မှုကို လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့ကစတင်ပြီး ရပ်တန့်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး Google Photos ကိုတင်ထားတဲ့ ဖိုင်တွေအကုန်လုံးအတွက် Google account သစ်နဲ့အတူရရှိတဲ့ Default 15GB သိုလှောင်မှုအနေနဲ့ တွက်ချက်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် Compress မလုပ်ဘဲ မူလအရည်အသွေးအတိုင်း လွှင့်တင်သိမ်းဆည်းထားတဲ့ဖိုင်အပြင် Compress လုပ်ထားတာတွေကိုလည်း အခမဲ့အဖြစ်သတ်မှတ်တာတွေဟာ ဇွန်လ ၁ ရက်နေ့မှာ မရှိတော့ဘဲ၊ အားလုံးကို တန်းတူသတ်မှတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်၂၀၂၁ ဇွန်လ ၁ ရက်နေ့မတိုင်မီ Upload လုပ်ထားတဲ့ပုံတွေကိုတော့ Count လုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီသတ်မှတ်ချက်အရ အသုံးပြုသူတွေဟာ ဇွန်လ ၁ ရက်နေ့မှာ ချက်ချင်း ငွေပေးချေရမှာမဟုတ်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ အကယ်၍ Google အကောင့်တိုင်းမှာ ရရှိတဲ့ 15GB ကို အပြည့်မသုံးရသေးဘူးဆိုရင်တော့၊ ပြည့်တဲ့အထိ ဆက်သုံးနေလို့ရပါတယ်။ ဒါပေမယ့် အသုံးပြုသူဟာ ဝန်ဆောင်မှုမှာ ၂ နှစ်ကျော် Inactive ဖြစ်နေရင်၊ ဒါမှမဟုတ် သတ်မှတ်ပမာဏကို ၂ နှစ်ကျော်ရင် Google က Content တွေကို ဖျက်ပစ်နိုင်ပါတယ်။

Pixel ဖုန်း ကိုင်ဆောင်သူတွေကတော့ ဆက်ပြီးအခမဲ့သုံးစွဲနိုင်မှာပါ။ ဒါကြောင့် ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို သတ်မှတ်ပေးထားတဲ့ ကာလအပိုင်းအခြားအတွင်း အကန့်အသတ်မဲ့ Backup ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Google အနေနဲ့ လာမယ့် ၂၀၂၁ ဇွန်လထဲမှာ ဓါတ်ပုံတွေကို စိတ်ကြိုက်စီမံခန့်ခွဲနိုင်မယ့် Tool တစ်ခုကိုလည်း မိတ်ဆက်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီ Tool ဟာ မှောင်ဝါးနေတဲ့ပုံတွေ၊ ဒါမှမဟုတ် အရွယ်အစားကြီးမားလွန်းနေတဲ့ ဗီဒီယိုတွေကို ဖော်ပြပေးမှာဖြစ်ပြီး၊ အသုံးပြုသူအနေနဲ့ မလိုချင်တာတွေကို အလွယ်တကူ ဖယ်ထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီ အပြောင်းအလဲဟာ Android, iOS နဲ့ Desktop အပါအဝင် ပက်ဖောင်းအားလုံးကနေ Google Photos အသုံးပြုသူအားလုံး ရယူနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena