Google ကနေ မကြာသေးခင်တုန်းက Pixel 4a စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးတော့ လာမယ့် နှစ်ကုန်ပိုင်းမှာ Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းတွေကိုပါ မိတ်ဆက်သွားဖို့ရှိနေတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ အဆိုပါ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေဟာ Google အတွက် ပထမဆုံးအနေနဲ့ 5G Support ရရှိလာတဲ့ Pixel ဖုန်းတွေလည်းဖြစ်လာမှာပါ။

အခုအချိန်မှာတော့ Google France ကနေ တင်ထားခဲ့တဲ့ Blog Post အရ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေ မိတ်ဆက်မယ့်အချိန်ကို သိလာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါ Blog Post ရဲ့ France Version မှာ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေကို လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ကနေ စတင်ပြီးတော့ Pre-order ပြုလုပ်နိုင်တယ်လို့ ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ ဖော်ပြချက်ဟာ Google ရဲ့ Official English Version မှာတော့ ပါဝင်ခြင်းမရှိသလို Google France ကနေလည်း ပြန်လည်ဖျက်လိုက်တယ်လို့သိရပါတယ်။ Google ဘက်ကနေတော့ တရားဝင်အတည်ပြုခဲ့ခြင်းမရှိသေးပါဘူး။

Google ဟာ နှစ်စဥ် အောက်တိုဘာလအတွင်းမှာ Pixel Flagship စမတ်ဖုန်းတွေအပြင် တခြားသော Hardware Product တွေကို မိတ်ဆက်လေ့ရှိတဲ့အတွက် Pixel 5 ကို အောက်တိုဘာလ ၈ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတာက ဖြစ်နိုင်ခြေများနေပါတယ်။

Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းတွေဟာ Qualcomm Snapdragon 765G 5G Chipset ကို အသုံးပြုလာမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ $499 ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – 9to5Google