နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြအတိုင်း Google Pixel စမတ်ဖုန်းစီးရီးဟာ အခုနှစ်မှာလည်း အဖွဲ့ဝင်သစ်တွေ ရလာဦးမှာဖြစ်ပြီး အခုနှစ်အတွက် Pixel 5 နဲ့ 5 XL ဆိုတဲ့ မော်ဒယ်နှစ်မျိုးထွက်လာဖို့ မျှော်မှန်းထားပါတယ်။ ပုံမှန်အားဖြင့် အောက်တိုဘာလောက်မှာ မိတ်ဆက်လေ့ရှိတဲ့ Pixel စီးရီးအတွက်တော့ ရှစ်လလောက်စောပြီး Pixel 5 XL ရဲ့ Render ပုံတွေ ယနေ့မှာ ထွက်ရှိလာခဲ့ပါပြီ။

Google ဟာ သူတို့ရဲ့ Pixel ထုတ်ကုန်သစ်တွေနဲ့ပတ်သက်ရင် သိပ်ပြီး လျှို့ဝှက်ထားလေ့မရှိပေမယ့် အခုလို ရှစ်လလောက်စောပြီး Prototype ရဲ့ဒီဇိုင်းထွက်လာတာကတော့ အရမ်းစောနေသေးတယ်လို့ ဆိုရမှာပါ။ အခုပုံရိပ်တွေဟာ YouTuber တစ်ဦးဖြစ်တဲ့ Jon Prosser ဆီကနေ ထွက်ပေါ်လာတာဖြစ်ပြီး Pixel 5 XL ရဲ့ Render ဖိုင်လ်တွေကို ဖော်ပြလာခဲ့ပါတယ်။

သူ့ရဲ့ပြောကြားချက်အရ Pixel 5 XL ဟာ Prototype သုံးမျိုးထိ ထုတ်လုပ်နေတယ်လို့ ပြောကြားခဲ့ပြီး အခုမြင်ရမယ့် ပုံတွေက အဆိုပါသုံးမျိုးထဲက တစ်ခုပါ။ ကျန်တဲ့နှစ်ခုကတော့ Pixel 4 စီးရီးတုန်းကလိုမျိုး နောက်ဘက်မှာ လေးထောင့်ပုံစံ Camera Island တွေသာ ထည့်သွင်းလာပြီး အခုဒီဇိုင်းက တော်တော်လေး ပုံမှန်မဟုတ်တဲ့ နောက်ဘက်ကင်မရာကို တွေ့ရမှာပါ။

Pixel 5 XL ဒီဇိုင်းဟာ Matte Glass Back ပေါ်မှာ အရောင်စိုလက်တဲ့ Camera Module နဲ့ပဲ ထွက်လာမှာပါ။ နောက်ဘက်မှာ ကင်မရာသုံးလုံးပါလာတာကြောင့် 2020 Pixel စီးရီးဟာ နောက်ဘက် Sensor သုံးလုံးကို စတင်အသုံးပြုလာပြီလို့ ဆိုရမှာပါ။ သူ့ရဲ့ဒီဇိုင်းကတော့ မြင်ရတဲ့အတိုင်း လူမျက်နှာ Emoji နဲ့ခပ်ဆင်ဆင်ဖြစ်ပြီး ဖိုခနောက်ဆိုင် ကင်မရာသုံးလုံးအလည်မှာ Flash လို့ ယူဆရပါတယ်။

ဒါပေမယ့် သတင်းကောင်းလည်းရှိပါသေးတယ်။ Pixel 5 XL ဟာ ဘယ်လိုပုံစံနဲ့ပဲ ထွက်လာပါစေ၊ ကင်မရာသုံးလုံး ပါဝင်မှာဖြစ်တဲ့အတွက် Google က သူတို့ရဲ့ စမတ်ဖုန်းမှာ Wide-angle Sensor ကို စတင်ထည့်သွင်းလာတော့မယ်လို့ ဆိုပါတယ်။ မနှစ်က မော်ဒယ်တွေမှာ Ultra-wide-angel Lens မပါခဲ့တာက အားနည်းချက်တစ်ခုဖြစ်ခဲ့ပြီး ၂၀၂၀ မော်ဒယ်တွေမှာ ဒါကို ပြန်ပြင်ဆင်လာမယ်လို့ ယုံကြည်ရပါတယ်။

အခုပုံထဲမှာ Pixel 5 XL ရဲ့ ရှေ့ဘက်ကို မမြင်ရသေးပေမယ့် Pixel 4 စီးရီးနဲ့ အတော်လေးတူတယ်လို့တော့ ပြောထားပါတယ်။ 2020 Pixel စီးရီးအနေနဲ့ ထွက်လာဖို့ အချိန်လိုသေးတာကြောင့် လာမယ့်ရက်ပိုင်းလောက်အတွင်းမှာ Update အချက်အလက် ထပ်တွေ့ရဖို့တော့ မလွယ်သေးပါဘူး။

Ref – Gizmo China