Google ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Pixel 6 Series ဖုန်းတွေအကြောင်း အချက်အလက်နဲ့ Design ကို တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Pixel 6 ဖုန်းတွေဟာ ယခုနှစ်မှာ Pixel 6 နဲ့ Pixel 6 Pro ဆိုပြီး ၂ မျိုးရောင်းချမှာဖြစ်ပြီး ယခင်ထက် အများကြီးအဆင့်မြှင့်တင်မှုတွေပါဝင်လာမှာဖြစ်ပါတယ်။


အဆိုပါအဆင့်မြှင့်တင်မှုတွေထဲမှာ အဓိကအကျဆုံးကတော့ Google ဟာ Pixel 6 Series ဖုန်းတွေမှာ ကိုယ်ပိုင် Custom Chipset ကိုအသုံးပြုလာမှာပဲဖြစ်ပါတယ်။ အစောပိုင်း Codename အနေနဲ့ Whitechapel လို့ နာမည်ပေးထားပြီးတော့ Google ကိုယ်တိုင်ကနေ Google Tensor Chip ဆိုပြီး တရားဝင်ခေါ်ဆိုထားခဲ့တာဖြစ်ပါတယ်။

Google ကတော့ အဆိုပါ Tensor Chip နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ပြောကြားခဲ့ခြင်းမရှိပေမယ့် AI နဲ့ Machine Learning ဘက်ကို အထူးအာရုံစိုက်ထားတယ်လို့ပဲ ဖော်ပြထားခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Pixel 6 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Tensor Chip အကြောင်း အချက်အလက်အချို့ ထွက်ရှိလာခဲ့ပါတယ်။

Google Tensor Chip ဟာ လက်ရှိ Qualcomm Snapdragon 888 Chipset လိုမျိုးပဲ 5nm Architecture Design ကို အသုံးပြုထားတာဖြစ်ပြီး Samsung ကနေ Production Partner အနေနဲ့ ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် Samsung အနေနဲ့ Chipset ကို ထုတ်လုပ်ပေးတယ်ဆိုပေမယ့် တကယ်တမ်း ဘယ်အဆင့်အထိပါဝင်မှုရှိသလဲဆိုတာကိုတော့ အသေးစိတ်မသိရှိရပါဘူး။

ဘာပဲဖြစ်ဖြစ် ယခု Google Tensor Chip ဟာ ယခင်တုန်းကထက် Pixel Series ဖုန်းတွေကို စွမ်းဆောင်ရည်ပိုင်းမှာ ပိုသာလွန်စေမယ်ဆိုတာကတော့ သေချာနေပါတယ်။ Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Flagship Chipset အစား Mid Range Snapdragon 765G ကိုပဲ Pixel 5 ဖုန်းမှာ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။

Ref – Gizmo China