လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းကပဲ Google Pixel 6a ရဲ့ Unboxing နဲ့ Hands-on Video ထွက်ပေါ်လာခဲ့ပါတယ်။ အခုထိ တရားဝင်မထုတ်ပြန်ရသေးတဲ့ Google Pixel 6a ကို Pixel 6 Pro နဲ့ ယှဉ်ပြထားတာကိုလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ပေါက်ကြားစရာမကျန်တော့ဘူးလို့ဆိုလို့ရပေမဲ့ Google Pixel 6a ရဲ့ Press render အပြည့်အစုံက ထပ်ထွက်လာပြန်ပါတယ်။

နာမည်ကျော် Leaker ဖြစ်တဲ့ @EvLeaks က Pixel 6a ရဲ့ Press renders အပြည့်အစုံကို Twitter မှာ တင်ခဲ့တာပါ။ Renders တွေက ဘာသတင်းအသစ်မှ ယူလာတာမဟုတ်ပေမဲ့ သူတို့နဲ့တွဲလျက်ပါလာတဲ့ Spec sheet ကတော့ ဒီဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ယူဆောင်လာတာပဲ ဖြစ်ပါတယ်။ ဒီ Spec sheet ကို ကြည့်ပြီးသွားရင်တော့ Pixel 6a အကြောင်း ဘာမှထပ်မေးစရာမလိုလောက်တော့တဲ့ အထိပါပဲ။

ဈေးနှုန်းသက်သာမဲ့ Pixel 6a ကို Google Tensor နဲ့ မောင်းနှင်ထားပါတယ်။ လာမဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ Pre-order စတင်လက်ခံမှာဖြစ်ပြီး ဈေးနှုန်းကတော့ $449 (၉ သိန်းဝန်းကျင်) ပါ။ ရရှိနိုင်တဲ့အရောင်တွေက White, Black, Green စတာတွေ ဖြစ်ပါလိမ့်မယ်။ 6.1-inch OLED မျက်နှာပြင်နဲ့ HDR ထောက်ပံ့ပေးထားသလို In-display scanner လည်း တပ်ဆင်ပေးထားပါတယ်။

Pixel 6a မှာတော့ Google ဟာ In-display fingerprint scanner အတွက် Hardware ပိုင်းကို အဆင့်မြှင့်တင်ပေးလာမယ်လို့ မျှော်လင့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Pixel 6 နဲ့ 6 Pro တို့မှာ အသုံးပြုသူတွေရဲ့ မကျေမနပ်နဲ့ တိုင်တန်းမှုအမြောက်အများကို ရရှိခဲ့လို့ပါပဲ။ ပြိုင်ဘက် In-display scanner တွေနဲ့နှိုင်းယှဉ်ရင် ပိုနှေးသလို ယုံကြည်စိတ်ချရမှုလည်း ပိုနည်းတယ်ဆိုတဲ့ မကောင်းသတင်းက ပျံ့နှံ့ခဲ့တာပါ။

Pixel 6a မှာ 4,306mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး 6GB of DDR5 RAM, 128GB of UFS 3.1 storage ထောက်ပံ့ပေးထားပါတယ်။ 12.2MP dual Pixel wide camera, 12MP ultrawide camera နဲ့ 8MP selfie ကင်မရာတွေ တပ်ဆင်ပေးထားပြီး 4K video recording ကို 60fps အထိလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အခြား Pixel တွေလိုပဲ Security updates ကို ၅ နှစ်အထိ ထောက်ပံ့မယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena