Google ဟာ ပုံမှန်အားဖြင့် နှစ်ကုန်ပိုင်းမှာ Flagship Pixel Series ဖုန်းတွေကို မိတ်ဆက်လေ့ရှိပေမယ့် Mid Range Pixel A Series ဖုန်းတွေကိုတော့ နှစ်လယ်ပိုင်းမှာ မိတ်ဆက်နေကျဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုနှစ်လယ်ပိုင်းမှာလည်း Google ကနေ Pixel 6a ဖုန်းကို မိတ်ဆက်နိုင်ခြေများပြားနေပါတယ်။

အခုလည်း ယုံကြည်ရတဲ့ Leakstar တစ်ဦးဖြစ်တဲ့ Max Jambor ကနေ Pixel 6a မိတ်ဆက်မယ့်အချိန်ကို ပြောကြားလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Google Pixel 6a ဟာ လာမယ့် ၂၀၂၂ ခုနှစ် မေလအတွင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Google ဟာ ပုံမှန်အားဖြင့် မေလဝန်းကျင်မှာ Google I/O Developer Conference ကိုပြုလုပ်လေ့ရှိတာကြောင့် Pixel 6a ဖုန်းကို အဆိုပါ Event မှာပဲ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ မနှစ်တုန်းကတော့ Google ဟာ Pixel 5a ဖုန်းကို သြဂုတ်လအတွင်းမှာ မိတ်ဆက်ခဲ့တာကြောင့် ယခုနှစ်မှာတော့ ပုံမှန်ထက် စောပြီးမိတ်ဆက်တယ်လို့တောင်ပြောနိုင်ပါတယ်။

Google Pixel 6a ဖုန်းဟာ Pixel 6 Series မှာအသုံးပြုထားတဲ့ Google ရဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုလာတဲ့ Pixel A Series ဖုန်းဖြစ်လာမှာဖြစ်ပြီး Design ပိုင်းအရလည်း ပြောင်းလဲထားမယ်လို့ သိရပါတယ်။ ဒါပေမယ့် Camera ပိုင်းအနေနဲ့ကတော့ Pixel 6 ဖုန်းတွေနဲ့ယှဥ်ရင် အနည်းငယ်အားနည်းနေမှာဖြစ်ပြီး Pixel A Series ဖုန်းတွေထဲမှာ 3.5mm Headphone Jack ပါဝင်ခြင်းမရှိတော့တဲ့ ပထမဆုံးဖုန်းဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် Google Pixel A Series ဖုန်းတွေဟာ $400 ဝန်းကျင်နဲ့ပဲ ရောင်းချလေ့ရှိတဲ့အတွက် အခုထွက်လာမယ့် Pixel 6a ဖုန်းကလည်း ပေးရတဲ့စျေးနဲ့ထိုက်တန်တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Google