Google Pixel Fold အကြောင်း သတင်းထွက်နေတာ အချိန်အတော်ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ဇူလိုင်လနှောင်းပိုင်းနောက်ပိုင်း Pixle Fold နဲ့ပတ်သက်တဲ့သတင်းတွေ ထပ်ထွက်မလာဘဲ ငြိမ်သက်သွားပြီး အခုလို နှစ်လနီးပါးကြာပြီးမှ သတင်းပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။

Google အနေနဲ့ Pixel Fold ကို ၂၀၂၁ ခုနှစ်ရဲ့ စတုတ္ထသုံးလပတ်အတွင်း ဖြန့်ချိနိုင်ဖွယ်ရှိပြီး Device ဟာ LTPO OLED Display ကို အသုံးပြုထားလိမ့်မယ်လို့ Display Supply Chain Consultants ရဲ့ အကြီးတန်းဒါရိုက်တာ David Naranjo ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ကာလရှည်အိပ်မက်ဖြစ်တဲ့ Google Foldable ဟာ မကြာခင်အကောင်အထည်ပေါ်လာတော့မယ်လို့ ယုံကြည်ရပါတယ်။

Google ဟာ Pixel 6 စီးရီးကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဖြန့်ချိမယ်လို့မျှော်လင့်ရပြီး ဒီဟန်းဆက်နှစ်မျိုးလုံးရဲ့ ဒီဇိုင်းနဲ့ အသေးစိတ်အချက်အလက်အချို့တို့ကိုလည်း အစောကတည်းက ထုတ်ဖော်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Pixel Fold နဲ့ပတ်သက်တာတွေကိုတော့ ရည်ညွှန်းထားခြင်းမရှိသေးပါဘူး။

စတုထ္ထသုံးလပတ်ဟာ အောက်တိုဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ကြားမှာဖြစ်တာကြောင့် Pixel Fold အနေနဲ့ Pixel 6 event မှာပဲ ကြေညာသွားမလား၊ ဒါမှမဟုတ် ဒီနှစ်ကုန်ပိုင်းလောက်မှပဲ နောက်ထပ်သီးသန့်မိတ်ဆက်မှုတစ်ခုနဲ့အတူ ဖြန့်ချိမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီနှစ်အစောပိုင်းတုန်းကတော့ မော်ဒယ်နံပါတ် GPQ72 နဲ့ Code name “Passport” နဲ့ Device တစ်ခုကိုတွေ့ခဲ့ကြရပြီး Pixel Foldable Phone လို့ယူဆခဲ့ကြပါတယ်။ လွန်လေပြီးသောကာလက Google ရဲ့ မူပိုင်ခွင့်လျှောက်တင်မှုတွေကိုကြည့်ပြန်တော့ Pixel Fold နဲ့ပတ်သက်တဲ့အချက်အလက်ကို သိပ်များများစားစားမသိရဘဲ ကုမ္ပဏီအနေနဲ့ Foldable နဲ့အတူ Under-screen camera ကို ပွဲထုတ်လာမယ်လို့ပဲ မျှော်လင့်ရပါတယ်။

Ref: GSM Arena