အသုံးပြုသူအများစုဟာ Google account (myactivitiy.com.google) မှာ “Google location history” ကိုပိတ်လိုက်ရင် Google က ခြေရာခံနေတာတွေကို ရပ်တန့်ပစ်လိုက်နိုင်လိမ့်မယ်လို့ ထင်နေကြပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မတော်တဆပြန်ပွင့်ပြီး ဒီဝန်ဆောင်မှုက အလုပ်ဆက်လုပ်နေတာကို တွေ့ရလေ့ရှိပါတယ်။

ဒီလုပ်ဆောင်ချက်ကြောင့် ဘယ်ကိုသွားခဲ့တယ်၊ ဘယ်နေရာရောက်နေလဲဆိုတာကိုသိခြင်းအားဖြင့် အသုံးပြုသူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ကူညီပေးနိုင်တယ်လို့ Google က ဆိုပါတယ်။ ဒါပေမဲ့ “Location history” ဟာ ပင်ကိုယ်အတိုင်းဆို ပိတ်ထားတာဖြစ်ပြီး အသုံးပြုသူကပဲ ခွင့်ပြုပြီးဖွင့်ပေးနိုင်တယ်လို့ Google က အခိုင်အမာဆိုပါတယ်။

သုံးစွဲသူက “Location history” ကို ပိတ်ထားလိုက်တယ်ဆိုပေမဲ့ Google Maps ကို အသုံးပြုတဲ့အခါမှာ ပြန်ဖွင့်ပေးလိုက်မိတာမျိုးကို သတိမထားမိတတ်ကြပါဘူး။ myactivity.google.com ကိုသွားပြီး တည်နေရာမှတ်တမ်းကိုပိတ်ထားတာကလည်း Google က အချက်အလက်သစ်တွေစုဆောင်းခြင်းကိုပဲ ရပ်တန့်စေတာ ဖြစ်ပါတယ်။ အရင်ကစုဆောင်းထားတဲ့ ဒေတာအားလုံးကို maps.google.com/timeline မှာ ဆက်ပြီးရရှိနေနိုင်မှာ ဖြစ်ပါတယ်။

သတင်းကောင်းကတော့ တည်နေရာမှတ်တမ်းမှာ အတိတ်ကအချက်အလက်တွေကိုလည်း ဖျက်ပစ်နိုင်တယ်ဆိုတာပါပဲ။ ဒီလိုလုပ်ဖို့အတွက် myactivity.google.com ကိုသွား၊ တည်နေရာမှတ်တမ်းအောက်က မြားကို နှိပ်ရပါမယ်။ ဒါဆိုရင်တော့ တည်နေရာမှတ်တမ်းဆီကိုရောက်ရှိသွားပြီး Options တွေထဲမှာ Manage activity ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အတိတ်က Activity တွေကိုဖျက်ဖို့အတွက် ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားရမှာပါ။

ဒါပေမဲ့လည်း Google ဟာ ခြေရာခံခြင်းကို အလုံးစုံရပ်တန့်ပစ်လိုက်တယ်လို့ မဆိုသာပါဘူး။ ခေတ္တခဏပဲ ရပ်နားပေးလိုက်တာဖြစ်ပါတယ်။ Google Maps လိုမျိုး Google site တွေ၊ Apps တွေ၊ ဝန်ဆောင်မှုတွေကို သွားတာ၊ ရယူတာမျိုးလုပ်တဲ့အခါ အချက်အလက်တွေစုဆောင်းပြီး၊ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို သိမ်းဆည်းထားဦးမှာ ဖြစ်ပါတယ်။

Ref: Phone Arena