Google Pixel Watch ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး အခုလည်း အမေရိကန်မှာ မှတ်ပုံတင်လိုက်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပါပြီ။ ၂၀၂၂ ခုနှစ်ထဲမှာ ကြေညာမှာ သေချာသလောက်ရှိပါတယ်။ အမေရိကန် Patent and Trademark Office (USPTO) မှာ Google က Pixel Watch ကို မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။

Google Pixel Watch

USPTO မှာ Google က Pixel Watch ကို စမတ်နာရီ၊ Watch Faces ၊ စမတ် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ၊ စမတ်နာရီ လက်ပတ်ကြိုး စတဲ့ Category တွေထဲမှာ ထည့်သွင်းထားပါတယ်။ အဲဒီ မှတ်ပုံတင်ကို USPTO က လက်ခံလိုက်ပြီလို့ သိရပါတယ်။ Google ရဲ့ Pixel Watch အတွက် မှတ်ပုံတင်ဟာ အခြေခံ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး စစ်ဆေးသူရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ လျှင်မြန်စွာ ထွက်လာမှာ ဖြစ်ပြီး အဲဒီနောက်မှာ Pixel Watch Trademark ကို အတည်ပြုပေးမှာ ဖြစ်ပါတယ်။

Pixel Watch

Google Pixel Watch မှာ နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေနဲ့ တီထွင်ဆန်းသစ်မှုတွေ ပါလာမှာ ဖြစ်ပါတယ်။ Fitbit Integration ၊ ခြေလှမ်း ရေတွက်တာ၊ နှလုံးခုန်နှုန်း တိုင်းတာတာနဲ့ တခြား စွမ်းရည်တွေ ထည့်သွင်းထားနိုင်ပါတယ်။ Pixel Watch ကို မောင်းနှင်ထားမှာက Google Wear OS 3.1 ဖြစ်ပြီး Google Assistant ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google က Pixel Watch ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို တရားဝင် ကြေညာမယ့် အချိန်ကို စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။

Ref : gizmochina