တစ်ချိန်တုန်းကတော့ Google ဟာ Apple ရဲ့ AriDrop နဲ့ ဆင်တူတဲ့ File-sharing လုပ်ဆောင်ချက်ကို အကောင်အထည်ဖော်နေတယ်ဆိုတဲ့သတင်းတွေ ပြန့်နှံ့ခဲ့ဖူးပါတယ်။ Nearby Sharing လို့ လူသိများခဲ့တဲ့ ဒီလုပ်ဆောင်ချက်ဟာ အခုတော့ Nearby Share လို့ပဲ ခေါ်တွင်ပါတော့တယ်။

Google ဟာ Nearby Share ကို ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အခုတော့ ဒါနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ပေါက်ကြားထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ သတင်းသစ်တွေအရ Nearby Share ဟာ Android တွေမှာသာမကဘဲ အခြား Operating System တွေကြားမှာလည်း အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

ဒီလိုမျိုး Android အပါအဝင် အခြား Operating System တွေကြား အကန့်အသတ်မရှိမျှဝေခြင်းပြုလုပ်ဖို့ Chrome browser ရဲ့အကူအညီတော့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီလတုန်းက Chrome မှာ “enables Nearby Sharing functionality” ကို အမှတ်အသားနဲ့ ဖော်ပြခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ အခြားလည်ပတ်မှုစနစ်တွေမှာလည်း Chrome browser နဲ့အတူ အလွယ်တကူ အသုံးပြုနိုင်ကြောင်း ပြသတာလို့ ယူဆရပါတယ်။

နောက်တစ်ခုကတော့ Windows တင်မကဘဲ macOS နဲ့ Linux အတွက် Chrome browser တွေမှာလည်း ရရှိမယ်ဆိုတာပါပဲ။ Dinsan (@_dinsan) အမည်ရှိ တွစ်တာအသုံးပြုသူတစ်ယောက်ကလည်း Chrome OS setting က Nearby Share ကို ရုပ်ပုံနဲ့တစ်ကွ ပြသမျှဝေခဲ့ပါသေးတယ်။

အကန့်အသတ်မရှိမျှဝေနိုင်မယ်ဆိုတာက အသုံးပြုသူတွေဟာ Devices အမျိုးမျိုးကြားမှာ၊ မတူညီတဲ့ Operating Systems တွေကြားမှာ လွယ်လွယ်ကူကူ အသုံးပြုနိုင်တယ်ဆိုတာကို ရည်ညွှန်းပါတယ်။ Google အနေနဲ့ ဒီလုပ်ဆောင်ချက်ကို တရားဝင်ကြေညာမယ့်အချိန်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Ref: Gizmochina