လပေါင်းများစွာ သတင်းတွေ ထွက်ခဲ့တဲ့ Pixel 6 နဲ့ 6 Pro ကို တရားဝင် ကြေညာလိုက်ပါပြီ။ အရင်နှစ်က မော်ဒယ်တွေမှာ စွမ်းရည်သင့် Hardware တွေပဲ ထည့်သွင်းထားပေမယ့် Pixel အသစ်တွေမှာ စွမ်းဆောင်ရည်နဲ့ ဓါတ်ပုံ အပိုင်းကို အသားပေးထားတဲ့ စွမ်းရည်မြင့် Hardware တွေနဲ့ အဆင့်မြှင့်ထားပါတယ်။

Google's Pixel 6 and 6 Pro are all about smarts and imaging

Google ကိုယ်တိုင် ဖန်တီးထားတဲ့ Tensor Chip အကြောင်း စပြောချင်ပါတယ်။ 5nm SoC မှာ Octa-core Processor တပ်ဆင်ထားပြီး စွမ်းရည်မြင့် Cortex-X1 Core ၂ လုံး၊ စွမ်းရည်သင့် Core ၂ လုံးနဲ့ စွမ်းအင်စားသုံးမှု သက်သာစေတဲ့ Core ၄ လုံး ပါပါတယ်။ Custom Image Processor ကြောင့် Pixel 6 ဖုန်းတွေရဲ့ ကွန်ပြူတာ အခြေပြု ဓါတ်ပုံ နည်းပညာဟာ နောက် ၁ ဆင့်မြင့်သွားပါတယ်။

Pixel 6 series display

Magic Eraser က ဓါတ်ပုံမှ မလိုလားအပ်တဲ့ အရာတွေကို အလိုအလျှောက် ဖယ်ရှားပေးပြီး Face Unblur က ကြည်လင်ပြတ်သားတဲ့ မျက်နှာကို ဖမ်းယူပေးနိုင်ပါတယ်။ Portrait Mode က Subject ကို ခွဲခြားရာမှာ ပိုကောင်းလာသလို Skin Tone ထုတ်လုပ်မှု ပိုတိုးတက်လာပါတယ်။ Night Mode နဲ့ Astrophotography တို့ဟာလည်း အရင် Pixel တွေထက် ပိုကောင်းလာပြီး Motion Mode က လျှင်မြန်စွာ ရွေ့လျားနေတဲ့ Object ကို ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်ပါတယ်။

Pixel 6 series design

Pixel 6 နဲ့ 6 Pro မှာ ကင်မရာ Viewfinder က Message, Caption နဲ့ Text တွေကို ဘာသာပြန်ပေးနိုင်တဲ့ Live Translate ပါလာပြီး ဘာသာစကား ၅၅ ခုကို ထောက်ပံ့ပါတယ်။ Tensor Chip မှာ Titan M2 Security Chip တပ်ဆင်ထားပြီး ဖုန်းက ဒေတာတွေ ခိုးယူခံရခြင်းမှ ကာကွယ်ပေးပါတယ်။ Google က Pixel 6 Series အတွက် Security Update ကို ၅ နှစ်အထိ ပေးမယ်လို့ ပြောပါတယ်။

Pixel 6 Pro ဟာ Pixel 6 ထက် ပိုကြီးသလို အားသာချက်တွေ ရှိပါတယ်။ ပိုကြီးတဲ့ ၆.၇ လက်မ မျက်နှာပြင်ပါလာပြီး ပိုကြည်လင်တဲ့ 1440p Resolution ထောက်ပံ့ထားပါတယ်။ ပိုမြန်တဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး LTPO AMOLED က ဘက်ထရီစားတာ သက်သာစေတဲ့ Variable Refresh Rate ထောက်ပံ့ပေးပါတယ်။ Pixel 6 မှာတော့ ၆.၄ လက်မ 1080p AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate အထိပဲ ရရှိပါတယ်။ ဖုန်း ၂ လုံးစလုံးကို Gorilla Glass Victus နဲ့ ကာကွယ်ထားပေမယ့် 6 Pro ရဲ့ မျက်နှာပြင်က ပိုကွေးညွှတ်ကာ Google က 3D Glass လို့ ခေါ်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ပါပါတယ်။

Pixel 6 series camera features

Pixel 6 Pro ဟာ ကင်မရာအပိုင်းမှာ ပိုကောင်းပြီး 4x Zoom ထောက်ပံ့တဲ့ 48MP ကင်မရာ ၁ လုံး အပိုပါပါတယ်။ Google က Super Res Zoom ကြောင့် 20x အထိ ရနိုင်တယ်လို့ ပြောပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အနောက်ဘက်မှာ 50MP Main နဲ့ 12MP Ultrawide Angle ကင်မရာတွေ တပ်ဆင်ထားပြီး 50MP Sensor က 82 Degree Field of View ကို ထောက်ပံ့ပေးပါတယ်။ အရှေ့ ကင်မရာတွေအကြောင်းပြောရရင် 6 Pro မှာ 11.1MP နဲ့ 6 မှာ 8MP တွေ ထည့်သွင်းထားပါတယ်။

6 Pro မှာ ပိုကြီးတဲ့ 5,000mAh ဘက်ထရီနဲ့ 6 မှာ 4,600mAh ဘက်ထရီတွေ ထည့်သွင်းထားပြီး ၂ လုံးစလုံးမှာ 30W Wired Charging ထောက်ပံ့ထားပါတယ်။ Pixel Stand Charger နဲ့ အားသွင်းရင် 6 မှာ 21W နဲ့ 6 Pro မှာ 23W Wireless Charging ထောက်ပံ့နိုင်ပါတယ်။ ဘူးထဲမှာ Wired နဲ့ Wireless Charger မထည့်ပေးထားပါဘူး။

6 Pro မှာ အလူမီနီယမ် ဖရိမ်တပ်ဆင်ထားပြီး Cloudy White, Sorta Sunny, Stormy Black ၃ ရောင် ထုတ်လုပ်ထားပါတယ်။ 12/128GB , 12/256GB နဲ့ 12/512GB ၃ မျိုးထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၈၉၉ ဒေါ်လာ သတ်မှတ်ထားကာ  လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၁၇ သိန်းလောက် ကျသင့်မှာပါ။

6 မှာ Textured အလူမီနီယမ် ဖရိမ် တပ်ဆင်ထားပြီး Sorta Seafoam, Kinda Coral, Stormy Black ၃ ရောင် ထုတ်လုပ်ထားပါတယ်။ 8/128GB နဲ့ 8/256GB ၂ မျိုး ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၅၉၉ ဒေါ်လာ သတ်မှတ်ထားကာ မြန်မာငွေ ၁၁ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။ ၂ လုံးစလုံးကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၈ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena