ကမ္ဘာ့ အကြီးမားဆုံး နည်းပညာ ပြပွဲကြီး ၁ ခုဖြစ်တဲ့ Mobile World Congress (MWC) ကို စပိန်နိုင်ငံ ဘာစီလိုနာမှာ ခမ်းခမ်းနားနားနဲ့ လာမယ့် ၂၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကိုရိုနာ ဗိုင်းရက်စ် (2019-nCoV) ကူးစက်မှုကြောင့် ကုမ္ပဏီများစွာက ပြပွဲမှာ မပါဝင်တော့တဲ့အတွက် ပြပွဲ ဖြစ်လာဦးမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

MWC ကို ဦးဆောင်ကျင်းပတဲ့ GSMA အဖွဲ့အစည်းက စီစဉ်ထားတဲ့အတိုင်း MWC ကို ကျင်းပမှာ ဖြစ်ပြီး ကုမ္ပဏီပေါင်း ၂၈၀၀ ကျော် ပါဝင်ဦးမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ အခုတော့ စပိန်က ထွက်လာတဲ့ သတင်းအရ GSMA ဟာ MWC 2020 ကျင်းပမလား၊ မကျင်းပဘူးလားဆိုတာကို ၁၄ ရက်နေ့မှာ အစည်းအဝေး ၁ ခု ကျင်းပပြီး ဆုံးဖြတ်တော့မယ်လို့ သိရပါတယ်။

GSMA က အစည်းအဝေး အကြောင်းကို ဘာမှ မပြောသေးပါဘူး။ အဲဒီအတွက် လာမယ့် သောကြာနေ့မှာ ရင်ခုန်စရာ အဖြေကို စောင့်စားရတော့မှာပါ။ GSMA က ပြပွဲကို တက်ရောက်လာသူတွေ ဘေးကင်းလုံခြုံစေမယ့် အစီအစဉ်တွေကို မကြာခင်က ထုတ်ပြန်ကြေညာထားပေမယ့် အခုတော့ ပွဲရပ်နားရမယ့် အခြေအနေကို ရောက်လာတာက စိတ်မကောင်းစရာပါ။

LG, TCL , Amazon , Nvidia, Ericsson , Sony နဲ့ Vivo တို့က MWC 2020 မှာ မပါဝင်တော့ဘူးလို့ ကြေညာထားကြပါတယ်။ Xiaomi ကတော့ စီစဉ်ထားတဲ့အတိုင်း ပြသမယ်လို့ မကြာခင်ကပဲ အတည်ပြုခဲ့ပေမယ့် ဘာစီလိုနာမှာ ကိုရိုနာ ဗိုင်းရက်စ် ကူးစက်တာကို ကာကွယ်ဖို့အတွက် ဥရောပက ဝန်ထမ်းတွေကိုပဲ ပြပွဲကို ခေါ်ထားပါတယ်။

Ref : gsmarena