Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက WWDC Event မှာ MacBook တွေအတွက် M2 Chip အသစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Chip ဟာ Apple ရဲ့ ပထမဆုံးသော ကိုယ်ပိုင် Chipset ဖြစ်တဲ့ Apple M1 Chip ရဲ့ Generation အသစ်ဖြစ်ပြီး လက်ရှိအချိန်မှာ MacBook Pro 13-inch နဲ့ MacBook Air အသစ်တွေမှာ အသုံးပြုနေပြီဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ M2 Chip သုံး MacBook တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက မိတ်ဆက်သွားခဲ့တဲ့ M1 Pro နဲ့ M1 Max Chip တွေကို အသုံးပြုထားတဲ့ MacBook Pro 14-inch နဲ့ MacBook Pro 16-inch တွေကိုတော့ လိုက်မှီခြင်းမရှိသေးပါဘူး။ ဒါကြောင့် အဆိုပါ MacBook Pro တွေက လက်ရှိအချိန်အထိ စွမ်းဆောင်ရည်အကောင်းဆုံး MacBook Pro တွေဖြစ်နေတုန်းပါ။

အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Apple ဟာ အဆိုပါ MacBook Pro 14-inch နဲ့ MacBook Pro 16-inch တွေကို M2 Pro နဲ့ M2 Max Chip အသစ်တွေနဲ့ ပြောင်းလဲပြီး မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါသတင်းကို Bloomberg Media က Journalist တစ်ဦးဖြစ်တဲ့ Mark Gurman ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အစောဆုံး ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ Apple M2 Pro နဲ့ M2 Max Chip အသစ်တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာ တိုးတက်လာမှာတော့မဟုတ်သေးဘဲ Graphic ပိုင်းစွမ်းဆောင်ရည်ကိုပဲ အဓိကထားပြီး အဆင့်မြှင့်တင်ထားမယ်လို့ သိရပါတယ်။ Design ပိုင်းမှာလည်း ပြောင်းလဲခြင်းမရှိသေးဘဲ Chipset ကိုပဲ အဓိကပြောင်းလဲသွားမှာဖြစ်ပါတယ်။

Ref – GSM Arena