John Wick လို့ အမည်ရတဲ့ ဟက်ကာ အဖွဲ့ဟာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ဝက်ဘ်ဆိုက်နဲ့ ချိတ်ဆက်ထားတဲ့ တွစ်တာအကောင့်ကို Hack ခဲ့ပါတယ်။ မိုဒီရဲ့ ကိုယ်ပိုင် အကောင့်က သပ်သပ်ရှိပြီး Hack ခံရတဲ့ အကောင့်မှာ Follower ပေါင်း ၂.၅ သန်းကျော်တောင် ရှိပါတယ်။

ဟက်ကာတွေက အဲဒီ အကောင့်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်ပုံ မရပါဘူး။ သူတို့ အဖွဲ့ဟာ မကြာခင်က အွန်လိုင်းစတိုး Paytm Mall ကို Hack ခဲ့တယ်လို့ သတင်းတွေထွက်နေတာကို မဟုတ်မမှန်ကြောင်း ရှင်းပြချင်လို့ ဒီလိုလုပ်တာလို့ The Next Web ကို ပြောပါတယ်။ Paytm Mall ကတော့ ဘာဒေတာမှ ပေါက်ကြားမှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဟက်ကာတွေက ဝန်ကြီးချုပ်ရဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ narendramodi.in မှာ Bugs တွေ ရှိပြီး ဒီပြဿနာကို ဖြေရှင်းဖို့ ဝက်ဘ်ဆိုက် Admin နဲ့ စကားပြောချင်တယ်လို့လည်း ပြောပါတယ်။ ဟက်ကာတွေက အဲဒီ အကောင့်ကနေ Bitcoin Wallet ကို ငွေလှူဒါန်းဖို့ တောင်းဆိုခဲ့ကြပြီး အဲဒီ ငွေတွေကို ဝန်ကြီးချုပ်ရဲ့ COVID-19 ရန်ပုံငွေကို ပေးမယ်လို့ ပြောပါတယ်။

တွစ်တာက အိန္ဒိယ ဝန်ကြီးချုပ် အကောင့် Hack ခံရတဲ့ အကြောင်းကို သိသွားပြီး ဇူလိုင်လက Bill Gates နဲ့ Elon Musk တို့ အကောင့်တွေ Hack ခံရတာနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။ မိုဒီရဲ့ အကောင့် ပြန်ရအောင်ပြုလုပ်မှာ ဖြစ်ပြီး တခြား သူတွေရဲ့ အကောင့်တွေ ပါသွားသေးလားဆိုတာ စုံစမ်းမယ်လို့ တွစ်တာက သတင်းထုတ်ပြန်ပါတယ်။

Ref : tnw