OnePlus ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက OnePlus Nord နဲ့အတူ OnePlus Buds နာမည်နဲ့ True Wireless Earbuds စျေးကွက်ထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုလည်း OnePlus Buds Z နာမည်နဲ့ နောက်ထပ် TWS Earbuds ကို မိတ်ဆက်ထားပါသေးတယ်။

အခုလိုမျိုး TWS Earbuds တွေကို ထုတ်လုပ်ထားပေမယ့် OnePlus မှာ အားနည်းချက်တစ်ခုက OnePlus မဟုတ်တဲ့ တခြားသော စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ဖို့အတွက် Application Support မရှိတာဖြစ်ပါတယ်။ ဒါက Earbuds ရဲ့ Battery Status ကို မသိနိုင်တဲ့အပြင် Firmware Update ပြုလုပ်ဖို့အတွက် အခက်အခဲဖြစ်နေခဲ့ပါတယ်။

အခုအချိန်မှာတော့ OnePlus ကနေ အဆိုပါပြဿနာကို ဖြေရှင်းဖို့အတွက် HeyMelody နာမည်နဲ့ Application တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ HeyMelody App က OnePlus စမတ်ဖုန်းမဟုတ်တဲ့တခြားသော စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထူးခြားချက်တစ်ခုက OnePlus Buds နဲ့ OnePlus Buds Z လိုမျိုး Wireless Earbuds တွေတင်မဟုတ်ဘဲ OPPO ကနေ မိတ်ဆက်ထားတဲ့ OPPO Enco X နဲ့ OPPO Enco W51 Earbuds တွေကိုပါ Support ပြုလုပ်နိုင်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ OnePlus နဲ့ OPPO က ယခင်ကထက်ပိုပြီး တူညီလာဖို့များနေပါပြီ။

လောလောဆယ်မှာတော့ HeyMelody App က အခုမှစတင်မိတ်ဆက်ထားတဲ့အတွက် Battery Status နဲ့ Firmware Update ပြုလုပ်ဖို့အတွက်ပဲ ဆောင်ရွက်နိုင်ဦးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တခြားသော Feature တွေကိုပါ Support ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China