HMD ဟာ လာမယ့် MWC 2020 မှာ အနည်းဆုံး စမတ်ဖုန်းသစ် ၃ မျိုးကို ကြေညာဖို့ ပြင်ဆင်ထားတယ်ဆိုတာ သိပြီး ဖြစ်ကြမှာပါ။ Nokia 8.2, Nokia 5.2 နဲ့ Nokia 1.3 တို့ဟာ ဒီပွဲမှာ မြင်တွေ့ရဖွယ်ရှိတဲ့ စမတ်ဖုန်းသစ် သုံးမျိုးလို့ သိရပါတယ်။

HMD ကတော့ ဒီစမတ်ဖုန်းသစ်တွေ မိတ်မဆက်ခင်မှာပဲ ဥရောပယူနီယံ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး(EUIPO)ဆီ embedded SIM card (eSIM) solution သစ်ကို မူပိုင်ခွင့်တင်လိုက်ပါတယ်။ ဒီနည်းပညာကို SIMLEY လို့ ခေါ်ဆိုပါတယ်။ တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုကနေ e-wallet နဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေအထိ အသုံးပြုနိုင်သလို အာမခံဝန်ဆောင်မှုတွေလည်း သုံးနိုင်မယ်လို့ သိရပါတယ်။

အဓိကအချက်လို့ပြောရမှာကတော့ HMD ဟာ ဒီ eSIM နဲ့ တွဲဖက်သုံးနိုင်တဲ့ Nokia ဖုန်းတွေကို သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မိတ်ဆက်ပေးနိုင်ဖို့ စီစဉ်နေတာပါပဲ။ ပြိုင်ဘက်လို့ပြောရမယ့် Apple နဲ့ Google တို့က အလားတူဝန်ဆောင်မှုတွေကို သူတို့ရဲ့ Device တွေမှာ ထည့်သွင်းပေးထားတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် စံနှုန်းက အခု HMD မူပိုင်ခွင့်တင်ထားတာလောက်တော့ မများပါဘူး။

SIMLEY ဟာ မိုလ်ဘိုင်းဝန်ဆောင်မှုအတွက် SIM ကတ်တစ်ခုအနေနဲ့ အလုပ်လုပ်ရုံမကဘဲ အသုံးပြုသူရဲ့ အချက်အလက်ကို ကာကွယ်ပေးတဲ့ အီလက်ထရောနစ် မိုလ်ဘိုင်းငွေပေးချေမှုကိုပါ ပြုလုပ်ပေးမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအချိန်အထိတော့ HMD က SIMLEY နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးတာကြောင့် ဆက်ပြီးစောင့်ဆိုင်းရဦးမှာပါ။

Ref: GSM Arena