Honor 30s ကို ပြီးခဲ့တဲ့တစ်ပါတ်က တရားဝင်မိတ်ဆက်ခဲ့ပြီးတဲ့နောက် လာမယ့် ဧပြီလ ၁၅ ရက်နေ့မှာ 30 စီးရီးထဲက Honor 30 နဲ့ 30 Pro ကို ဆက်ပြီးမိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီထဲမှာ Pro မော်ဒယ်ကတော့ အမြင့်ဆုံးဖြစ်ပြီး စွမ်းဆောင်ရည်လည်း အကောင်းဆုံးဖြစ်တာကို Geekbench မှာ တွေ့မြင်ရမှာပါ။

Geekbench အရ Honor 30 Pro ဟာ Kirin 990 5G chipset အသုံးပြုထားကြောင်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။ အခြေခံကြိမ်နှုန်း 1.95GHz နဲ့လာမှာဖြစ်ပြီး၊ Single-Core ရမှတ်က ၃၈၇၆ မှတ်ဖြစ်ပြီး၊ Multi-Core ရမှတ်ကတော့ ၁၂၅၇၁ မှတ်ဖြစ်တာကို တွေ့ရပါတယ်။ ကျန်တဲ့အချက်တွေကလည်း ကနဦးထွက်ပေါ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီတယ်လို့ ဆိုနိုင်ပါပြီ။ Honor 30 Pro ဟာ 8GB of RAM အသုံးပြုထားတာတွေ့ရပြီး Android 10 မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။

အခြားသတင်းတစ်ခုအရ Honor 30 Vanilla ကတော့ Kirin 985 SoC နဲ့ ထွက်လာမယ်လို့ သိရပါတယ်။ ဒီ Chipset ကို တရားဝင်ကြေညာထားတာ မရှိသေးပေမယ့် EUV process ပေါ်တည်ဆောက်ထားတဲ့ 5G modem နဲ့ ပေါင်းစပ်ထားမယ်လို့ မျှော်လင့်ရပါတယ်။ CPU နဲ့ GPU မြန်နှုန်းကတော့ Kirin 990 နောက်မှာပဲ ရှိနေမှာပါ။ ဒါပေမယ့် ကြီးကြီးမားမား ကွာဟသွားမယ်လို့တော့ မယူဆပါဘူး။

Honor 30 နဲ့ 30 Pro ဗားရှင်းနှစ်မျိုးစလုံးဟာ 50MP Sony IMX700 အဓိကကင်မရာနဲ့ အခြားကင်မရာသုံးလုံး ပါဝင်ကြမှာ ဖြစ်ပါတယ်။ Periscope module ပါဝင်မှာကတော့ သေချာပါတယ်။ ဒီဟန်းဆက်နှစ်မျိုးကို တရားဝင်မိတ်ဆက်ဖို့ အချိန်သိပ်မလိုတော့တာကြောင့်၊ ဒီကြားကာလမှာ နောက်ထပ်အချက်အလက်တွေ ထပ်ပြီးတွေ့မြင်လာရဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena