၂၀၁၉ ခုနှစ်က ရောင်းခဲ့တဲ့ Honor 8A Pro ကို ပြီးခဲ့တဲ့ လက Honor 8A Prime နာမည်နဲ့ တစ်ဖန်ပြန်လည် ရောင်းချခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကိုပဲ ဗြိတိန်မှာ Honor 8A 2020 နာမည်နဲ့ ရောင်းပေးလိုက်ပါတယ်။ ဗြိတိန်မှာ အွန်လိုင်း စတိုး Clove ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး စတာလင်ပေါင် ၁၃၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၃ သောင်းလောက်ရှိပြီး ၁၅ ရက်နေ့မှာ ကြိုတင်မှာယူထားသူတွေကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

Honor 8A 2020 အတွက် အနက်နဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပါတယ်။ ၆.၀၉ လက်မ 720x1560p ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး LCD အမျိုးအစား ဖြစ်ပါတယ်။ အရွယ်သေး Notch တပ်ဆင်ထားပြီး မျက်နှာပြင်အောက်က ဘောင်က နည်းနည်းထူပါတယ်။ ဘောင်မှာ Honor စာသားရေးထွင်းထားပါတယ်။

Honor 8A 2020 မှာ MediaTek Helio P35 SoC မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage တွေ ထည့်သွင်းထားပါတယ်။ Dual SIM Slot အပြင် သီးခြား microSD Card Slot ပါလာပါတယ်။ အနောက်ဘက်မှာ 13MP ကင်မရာ ၁ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ 3,020mAh ဘက်ထရီနဲ့ Android 9 Pie အခြေပြု EMUI 9 တွေ ပါလာပါတယ်။

Ref : gsmarena