Huawei ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Honor ဟာ ယူကေမှာ Honor 8S 2020 ကို တိတ်တဆိတ် ကြေညာခဲ့တာကို တွေ့ရပါတယ်။ Entry-level စမတ်ဖုန်းရဲ့ ဈေးနှုန်းက £99.99 (၁ သိန်း ၇ သောင်း ၇ ထောင်ဝန်းကျင်) ဖြစ်ပြီး Honor အမှတ်တံဆိပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာလည်း တွေ့မြင်နိုင်ပါတယ်။

ပြောရမယ်ဆိုရင်တော့ အခုကြေညာလိုက်တဲ့ Honor 8S 2020 ဟာ ပြီးခဲ့တဲ့နှစ်က Honor 8S နဲ့ သိပ်မကွာပါဘူး။ အဓိကကွာခြားချက်က Honor 8S 2020 ဟာ 3GB of RAM နဲ့ 64GB Storage နဲ့ဖြစ်နေတာပါ။ မူလဗားရှင်းက ဒေသဆိုင်ရာပေါ်မူတည်ပြီး 2GB+32GB နဲ့ 3GB+64GB ဆိုပြီး ကွဲပြားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ယူကေမှာ သိုလှောင်မှုပမာဏနည်းတဲ့ အမျိုးအစားပဲ ရခဲ့တာပါ။ ဒါကြောင့် Honor ဟာ သိုလှောင်မှုပမာဏပိုများတဲ့အမျိုးအစားကို ပြန်ပြီးဖြန့်ချိတာလို့လည်း သုံးသပ်နေကြတာ ဖြစ်ပါတယ်။ အမျိုးအစားတူညီတဲ့ Honor 8S ကို တခြားဥရောပနိုင်ငံတွေမှာတော့ 2020 ဆိုတဲ့ နာမည်မသုံးဘဲ ဝယ်ယူရရှိနိုင်တာလည်း တွေ့ရပါတယ်။

Honor 8S 2020 မှာ quad-core Cortex-A53 CPU နဲ့ PowerVR GE8320 GPU ပါဝင်ပြီး 12nm MediaTek Helio A22 SoC ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ မျက်နှာပြင်က အရွယ်အစား 5.71-inch HD+ (1520 x 720 pixels) LCD panel ဖြစ်ပါတယ်။ ကျောဘက်မှာတော့ 13MP အဓိကကင်မရာနဲ့ အရှေ့ဘက်မှာတော့ dew-drop notch ထဲမှာ 5MP ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။

ဆက်သွယ်မှုအတွက် 4G, Single-band (2.4GHz) Wi-Fi စတာတွေ ထောက်ပံ့ထားသလို GPS, MicroUSB port  နဲ့ 3.5mm headphone jack တွေလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဘက်ထရီကတော့ 3,020mAh ဖြစ်ပြီး အမြန်အားသွင်းစနစ်တော့ ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။

Ref: GSM Arena