Honor ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Magic5 Series Flagship ဖုန်းတွေကို MWC Event မှာ ပြသသွားဖို့စီစဥ်ထားပါတယ်။ အဆိုပါ Magic5 Series ဖုန်းတွေဟာ Global စျေးကွက်အတွက် အဓိကရည်ရွယ်ထားပြီး Magic Vs Foldable ဖုန်းကိုပါ ပြသသွားမှာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Honor ဟာ တရုတ်နိုင်ငံစျေးကွက်အတွက် Honor 90 Series ဖုန်းတွေကို မိတ်ဆက်ဖို့ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ Honor ဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းကမှ Honor 80 Series ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပြီး Global စျေးကွက်မှာတောင် မိတ်ဆက်ရခြင်းမရှိသေးပါဘူး။

Honor 80 Series ဖုန်းတွေထဲမှာ စစခြင်းအနေနဲ့ Honor 80 ၊ Honor 80 Pro နဲ့ Honor 80 SE ဖုန်းတွေမိတ်ဆက်ခဲ့ပြီး နောက်ပိုင်းမှာ Honor 80 GT နဲ့ 80 Pro Flat ဖုန်းတွေကိုပါ ထပ်မံမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလို လပိုင်းအတွင်းမှာ Honor 90 Series ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်နေပြီဆိုတဲ့သတင်းက ထူးခြားနေပါတယ်။

တရုတ်နိုင်ငံတွင်း နာမည်ကြီး Tipster တစ်ဦးကတော့ Honor 90 Series ဖုန်းတွေဟာ လာမယ့် မေလကုန်မတိုင်ခင်မှာ မိတ်ဆက်ဖို့ စီစဥ်ထားတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Honor 90 Series ဖုန်းတွေဟာ အရှေ့ပိုင်း Honor 80 Series ဖုန်းတွေရဲ့ အားနည်းချက်ဖြစ်တဲ့ Camera ပိုင်းမှာ OIS (Optical Image Stabilization) မပါဝင်တာလိုမျိုးတွေကို ပြင်ဆင်ထားမယ့်အပြင် Performance ပိုင်းကိုလည်း အဆင့်မြှင့်တင်ထားမယ်လို့ သိရပါတယ်။

Ref – Gizmo China