Honor ဟာ လူကြိုက်များခဲ့တဲ့ 9X အတွက် Lite ဗားရှင်းကိုလည်း မကြာခင် မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်ကပဲ Honor 9X Lite ရဲ့ ပိုစတာတစ်ခု မတော်တဆ ပေါက်ကြားထွက်ပေါ်ခဲ့ပါသေးတယ်။ အခုတော့ ထပ်မံထွက်ပေါ်လာတဲ့ ပေါက်ကြားမှုကြောင့် 9X Lite အကြောင်းစောင့်မျှော်နေကြသူတွေအတွက် အချက်အလက်အချို့နဲ့ ဈေးနှုန်းပါ သိလာရပြီ ဖြစ်ပါတယ်။

ဒီတစ်ခါပေါက်ကြားလာတာက ပါကစ္စတန်က လက်လီအရောင်းဆိုင်တစ်ခုရဲ့ ဝက်ဘ်ဆိုက်မှာဖြစ်ပါတယ်။ ဒီအရောင်းဆိုင်က Honor 9X Lite ရဲ့ ရုပ်ပုံနဲ့ ဈေးနှုန်းအပါအဝင် အချက်အလက်အချို့ကို လွှင့်တင်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် 9X Lite ရဲ့ အဓိက အစိတ်အပိုင်းအချို့ကိုတော့ အတည်ပြုနိုင်လိုက်ပြီ ဖြစ်ပါတယ်။

Honor 9X Lite ဟာ 6.5-inch အရွယ်အစား FullView display နဲ့ဖြစ်ပြီး 16MP Selfie ကင်မရာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ 48MP အဓိက ကင်မရာနဲ့ 2MP depth sensor တို့ကို တပ်ဆင်ပေးထားတာပါ။ ကျောဘက်ကိုယ်ထည်ပေါ်မှာ Fingerprint scanner တပ်ဆင်ပေးထားတာကိုလည်း တွေ့မြင်ရမှာပါ။

အတွင်းအစိတ်အပိုင်းတွေအနေနဲ့ Hisilicon Kirin 710 Processor ကို အသုံးပြုပေးထားတာဖြစ်ပြီး 4GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုပမာဏကတော့ 128 GB ဖြစ်တာကို တွေ့ရပါတယ်။ အခြားရွေးချယ်စရာတော့ မတွေ့ရပါဘူး။ 3,750mAh ပမာဏ ဘက်ထရီကို တပ်ဆင်ထားပြီး Android 9 အခြေခံထားတဲ့ EMUI 9.0 မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ PKR 31,999 လို့ဖော်ပြထားတာကြောင့် $207 ဝန်းကျင်လောက် ဖြစ်ပါလိမ့်မယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ၂ သိန်း ၉သောင်း ၉ထောင် ဝန်းကျင်လောက် ကျသင့်ပါလိမ့်မယ်။ Pre-order လက်ခံနေပြီဖြစ်ပေမယ့် တရားဝင်ဖြန့်ချိမယ့် ရက်ကိုတော့ Honor ဘက်က ထုတ်ပြန်ကြေညာခြင်းမရှိသေးတာကြောင့် ရက်အနည်းငယ် စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref: GSM Arena