Honor ဟာ အခုဆိုရင် Huawei လက်အောက်ကနေ ခွဲထွက်ပြီး ကိုယ်ပိုင်သီးသန့် Brand ဖြစ်နေတာ လအနည်းငယ်ရှိသွားပြီဖြစ်ပါတယ်။ ဒီလိုမျိုး ကွဲထွက်လိုက်တဲ့အတွက် စမတ်ဖုန်းထုတ်လုပ်မှုပိုင်းမှာလည်း ပိတ်ဆို့မှုတွေခံနေရတာကနေ လွတ်လပ်သွားပြီလို့ ယူဆရပါတယ်။

ဘာကြောင့်လည်းဆိုရင် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ Honor ဟာ လက်ရှိ Chipset ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Qualcomm ဆီက Chipset တွေ ထောက်ပံ့မှုကို ရရှိဖို့အတွက် ပူးပေါင်းလိုက်တာကြောင့်ဖြစ်ပါတယ်။ Qualcomm ဟာ လက်ရှိအချိန်မှာ Huawei ကို Chipset ထောက်ပံ့မှုရပ်ဆိုင်းထားတဲ့အတွက် ယခင်တုန်းက Honor ကိုပါ ထောက်ပံ့ပေးခြင်းမရှိခဲ့တာဖြစ်ပါတယ်။

Honor အနေနဲ့ အခုလိုမျိုး Qualcomm ဆီကနေ Chipset တွေရရှိဖို့ ဆွေးနွေးနေတယ်ဆိုတဲ့သတင်းကို ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းထဲက ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကုမ္ပဏီ ၂ ဖက်စလုံးက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Honor ဟာ လာမယ့် V40 Series စမတ်ဖုန်းတွေမှာ Huawei ရဲ့ Kirin Chipset တွေအစား MediaTek Dimensity Chipset တွေကို စတင်အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Qualcomm Snapdragon အပြင် MediaTek Chipset တွေကို အသုံးပြုထားတဲ့ Honor ဖုန်းတွေကိုပါ မြင်တွေ့ရတော့မှာပါ။

ဘာပဲဖြစ်ဖြစ် Honor ဟာ ယခု ၂၀၂၁ ခုနှစ်အတွင်းမှာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော်ထုတ်လုပ်မယ်ဆိုပြီး ပြောကြားခဲ့တဲ့အတွက် တကယ်တမ်းမှာ အောင်မြင်လာနိုင်မလားဆိုတာကိုတေ့ာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Gizmo China