ဩဂုတ်လ ၁၂ ရက်နေ့ အစောပိုင်းမှာ Honor ကုမ္ပဏီက သူတို့ရဲ့ Gaming Laptop စီးရီး အသစ်အတွက် တရားဝင် လိုဂိုကို ကြေညာလိုက်ပါတယ်။ Huawei ရဲ့ လက်အောက်ခံ အမှတ်တံဆိပ်ခွဲ တစ်ခု ဖြစ်တဲ့ နည်းပညာကုမ္ပဏီဟာ ဒီကြေညာမှု နဲ့အတူ Gaming Laptop စျေးကွက်ထဲ ဝင်ရောက်လာခဲ့ပါပြီ။

Honor Hunter စီးရီး ဆိုတဲ့ အမည်ဟာ သူတို့ အသုံးပြုမယ့် တရားဝင် အမှတ်တံဆိပ် ဖြစ်ပြီး တရုတ်အခြေစိုက် နည်းပညာ ကုမ္ပဏီကြီးဟာ Weibo ပေါ်မှာ သူတို့ရဲ့ တရားဝင် ပိုစတာ တစ်ခုကိုပါ တင်ပေးခဲ့ပါသေးတယ်။

အဆိုပါ ပိုစတာထဲမှာ “Hunter is coming” ဆိုတဲ့ စာသားကို တရုတ်လို ရေးသားဖော်ပြထားတဲ့အတွက် မကြာခင် မိတ်ဆက်လာတော့မယ် လို့လည်း ယူဆရပါတယ်။ မကြာသေးခင်က ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးဟာ သူတို့က ထုတ်လုပ်မယ့် ပထမဆုံး Gaming Laptop မှာ အပူချိန်လျော့ချမှုစနစ် အကောင်းစား ပါဝင်မယ်လို့ ဆိုထားပြီး အခု Hunter စီးရီးကို ရည်ညွှန်းခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် Honor Hunter Gaming Laptop အသစ်တွေဟာ ထင်ထားတာထက် အများကြီး ပိုပါးလွှာမယ်လို့လည်း ဆိုထားပါတယ်။ ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Redmi ကလည်း တပြိုင်တည်းလိုလို Redmi G Gaming Notebook စီးရီးသစ်ကို ထုတ်ဖော်လာတဲ့အတွက် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီတွေဟာ ကွဲပြားတဲ့ တိုက်ပွဲ နောက်တစ်ခုကို ဝင်ရောက်လာပြီလို့ ဆိုရမှာပါ။

လောလောဆယ်မှာတော့ Honor Hunter စီးရီးရဲ့ ထွက်ရှိရက်နဲ့ Specs တွေကို မသိရသေးပေမယ့် လာမယ့် ရက်အနည်းငယ် အတွင်းမှာ တွေ့လာရမှာ သေချာပါတယ်။

Ref – GizmoChina