Honor ဟာ သူတို့ရဲ့ MagicBook 14 ကို ယူကေမှာ မိတ်ဆက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းက သူတို့အမှတ်တံဆိပ်ရဲ့အောင်မြင်မှုတစ်ချို့ကိုပါ ဖော်ပြမျှဝေခဲ့ပါတယ်။ IDC ရဲ့ဖော်ပြချက်အရ တရုတ်အခြေစိုက်ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်အတွင်း Wearables ဈေးကွက်အတွင်း 497.4% ထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး Honor Bands နဲ့ MagicWatches တို့လို လူသိများထုတ်ကုန်တွေ ပါဝင်ပါတယ်။

Huawei ရဲ့ အမှတ်တံဆိပ်ခွဲလည်းဖြစ်တဲ့ Honor ဟာ ကမ္ဘာ့အင်အားကြီးစမတ်ဖုန်းဈေးကွက်ဆယ်ခုဖြစ်တဲ့ ရုရှ၊ ဖင်လန်၊ ဂျာမဏီ၊ ယုူကရိန်း၊ ဆော်ဒီ၊ ယူကေ၊ ပြင်သစ်၊ အီတလီ၊ ချက်ဇ်နဲ့ ယူအေအီးတို့မှာ ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ် ၅ ခုစာရင်းထဲမှာ ရပ်တည်နေတယ်လို့ဆိုပါတယ်။

၂၀၁၉ Q1 ကာလအတွင်းမှာဆိုရင် ရုရှားဈေးကွက်ရဲ့ နံပါတ်တစ်စမတ်ဖုန်းရောင်းချသူအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၉ တစ်နှစ်လုံးအတိုင်းအတာနဲ့ဆိုရင်တော့ ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ သူ့ရှေ့မှာ Samsung တစ်ယောက်သာရှိပြီး နောက်မှာတော့ Apple, မိခင်ကုမ္ပဏီ Huawei နဲ့ Xiaomi တို့က အစဉ်လိုက်ဖြစ်ပါတယ်။

အခုလိုတစ်နှစ်အတွင်း သိသိသာသာတိုးတက်လာရတဲ့အကြောင်းရင်းထဲမှာ ၂၀၁၈ ခုနှစ်တုန်းက Honor ဟာ ဈေးကွက်ထဲမှာ သိပ်ပြီးကြီးမားတဲ့ ပါဝင်သူတစ်ဦးမဟုတ်ခဲ့သေးလို့လည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် အင်တိုက်အားတိုက် ထုတ်လုပ်တင်ပို့ပြီး လူကြိုက်များလာတဲ့အခါမှာ နံပါတ်တွေက တဟုန်တိုး ထိုးတက်လာတာဖြစ်ပါတယ်။

အစောကပြောခဲ့တဲ့ MagicBook 14 ကိုတော့ ယူနေမှာ စတင်ရောင်းချနေပြီဖြစ်ပြီး စတာလင်ပေါင် ၅၅၀ (မြန်မာငွေ ဆယ်သိန်းနီးပါး) ကျသင့်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့မတိုင်ခင် ဝယ်ယူသူတိုင်းကို MagicWatch 2 တစ်ခုစီ လက်ဆောင်ပေးမယ်လို့ ဆိုထားပါတယ်။

Ref – GSM Arena