Huawei ရဲ့ အမှတ်တံဆိပ်ခွဲအဖြစ် စတင်လာခဲ့တဲ့ Honor ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းကာလမှာပဲ ရောင်းချခံရပြီးတဲ့နောက်၊ သီးသန့်ရပ်တည်တဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါပြီ။ သီးသန့်ရပ်တည်လာတဲ့နောက် Honor ရဲ့ မူဝါဒနဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာမှာ ဘာတွေပြောင်းလဲလာမလဲဆိုတာကို အားလုံးကစောင့်ကြည့်နေကြချိန်လည်း ဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ Honor က ဒီဇင်ဘာလထဲမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ထားတဲ့ V40 စီးရီးကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲရောက်မှာ မိတ်ဆက်ဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါဟာ ပိုင်ရှင်သစ်လက်ထဲက ကုမ္ပဏီသစ်အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာအတွက် အပြောင်းအလဲနဲ့ အထိုင်ကျအောင် အချိန်ယူတယ်လို့လည်း ယူဆနိုင်ပါတယ်။

များသောအားဖြင့် တစ်နှစ်မှာ V lineup ဝင် ဖုန်းနှစ်မျိုးကို တွေ့မြင်ရလေ့ရှိပါတယ်။ အခုတော့ ဒီအစဉ်အလာက ပြောင်းလဲသွားနိုင်တယ်လို့ ဆိုရမှာပါ။ Honor V40 စီးရီးကို Super-zoom/periscope lens နဲ့ မြင်တွေ့ရဖွယ်ရှိပါတယ်။ ဇန်နဝါရီလထဲမှာ စမတ်ဖုန်းကို ဖြန့်ချိတယ်ဆိုတာက Honor V40 စီးရီးအတွက်တော့ သိပ်ပြီးနှောင့်နှေးလွန်းတယ်လို့ ပြောလို့မရပါဘူး။

ဒီတစ်ကြိမ် စောင့်ကြည့်ရမယ့်အချက်ကတော့ Huawei ရဲ့ လောင်းရိပ်အောက်မှာမဟုတ်တော့ချိန်မှာ Honor အနေနဲ့ နိုင်ငံတကာဈေးကွက်ထဲ ထိုးဖောက်မှုမှာ ဘယ်အတိုင်းအတာအထိ ရောက်ရှိသွားနိုင်မလဲဆိုတာပါပဲ။ ကုမ္ပဏီအနေနဲ့ မတည်ငြိမ်တဲ့အခြေအနေအချို့ရှိနေပေမယ့် Honor V40 စီးရီးကတော့ အဆင်ပြေပြေနဲ့ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina