Huawei ရဲ့အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Honor ကလည်း ကြိုးမဲ့နားကြပ်စစ်စစ် (Truly wireless headphones) ဈေးကွက်ထဲကို Magic Earbuds တွေကြေညာရင်း စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပင်မအမှတ်တံဆိပ်ဖြစ်တဲ့ Huawei ကလည်း Freebuds တွေ ထုတ်လုပ်ရောင်းချနေတာကြောင့် Honor လည်း နောက်ကနေ လိုက်လာတယ်လို့ ဆိုနိုင်ပါတယ်။

Honor အမှတ်တံဆိပ်အောက်က ထွက်လာတာကြောင့် Huawei ရဲ့ Freebuds တွေကို အပြောင်းအလဲလုပ်ထားတာလို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ လုံးဝကို ကွဲပြားခြားနားတဲ့ ထုတ်ကုန်အဖြစ် မြင်တွေ့ရပါတယ်။ Honor ဟာ သူ့အမှတ်တံဆိပ်ကို ကိုယ်စားပြုဖို့အတွက် ကွဲပြားခြားနားတဲ့ ထုတ်ကုန်သစ်ကိုပဲ ရွေးချယ်ခဲ့တယ်လို့ ယူဆရပါတယ်။

Magic Earbuds ဟာ 10mm driver ကို အသုံးပြုထားပါတယ်။ Bluetooth 5.0, A2DP 1.3, HFP 1.6 နဲ့ AVRCP 1.5 တို့ကို ထောက်ပံ့ပေးပြီး ကောင်းကောင်းအလုပ်လုပ်ပါတယ်။ နားကြပ်တစ်ဖက်စီမှာ 37mAh ဘက်ထရီကိုယ်စီပါဝင်ပြီး ၅.၄ ဂရမ် အလေးချိန် အသီးသီးရှိကြပါတယ်။ Charging case ကတော့ 410mAh ယူနစ်နဲ့ဖြစ်ပြီး ၅၁ ဂရမ် အလေးချိန်ဖြစ်ပါတယ်။

Magic Earbuds တွေဟာ ၃ နာရီခွဲကြာ ဆက်တိုက်သီချင်းနားထောင်နိုင်ပြီး Charging case နဲ့တွဲထားမယ်ဆိုရင်တော့ ၁၃ နာရီအထိ သုံးနိုင်တယ်လို့ Honor က ဆိုပါတယ်။ Case ကို USB-C ကြိုးနဲ့အားသွင်းမယ်ဆိုရင် တစ်နာရီခွဲကြာ အချိန်ယူရတယ်လို့လည်း သိရပါတယ်။

Earbuds တွေမှာ မိုက်ခရိုဖုန်း သုံးဆင့်တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ In-call noise-canceling ဖွင်ထားတဲ့အခါ ဖုန်းပြောသူရဲ့ အသံကို Filter ခံပြီး စစ်ထုတ်ပေးတာပါ။ ဒါပေမယ့် Active noise-canceling မပါတာကြောင့် သီချင်းနားထောင်နေရင်တော့ ဆူညံသံကို လျှော့ချပေးနိုင်မှာမဟုတ်ပါဘူး။

Magic Earbuds တွေဟာ EMUI 10 တွေနဲ့ တွဲဖက်အသုံးပြုရင် နားကြပ်တွေကို ချွတ်ထားလိုက်ချိန်မှာ ဖွင့်ထားတဲ့သီချင်းကို အလိုအလျောက် ရပ်ပေးထားတာမျိုး ပြုလုပ်နိုင်ပါတယ်။ အရောင်အားဖြင့် Pearl White နဲ့ Robin Egg Blue နှစ်ရောင်ထွက်ထားပြီး လာမယ့် ဧပြီလမှာ €129 ( မြန်မာငွေ ၂သိန်းစွန်းစွန်း) နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSM Arena