Honor ဟာ Watch GS Pro အကြောင်းကို ပြီးခဲ့တဲ့တစ်ပတ်ကတည်းက သတင်းလွှင့်ခဲ့တာပါ။ အဲဒီတုန်းကတော့ Watch GS Pro ဟာ Outdoor Sports တွေအတွက် အထူးပြုလုပ်ထားကြောင်း Teaser ထုတ်ခဲ့တာပါ။ ထုံးစံအတိုင်း နာရီနဲ့ပတ်သက်တဲ့ အချက်အလက်တွေတော့ မပါဝင်ခဲ့ပါဘူး။

အခုတော့ Honor အနေနဲ့ Watch GS Pro ကို လာမယ့် စက်တင်ဘာ ၄ ရက် IFA 2020 မှာ ပွဲထုတ်မယ်လို့ ကြေညာလိုက်ပါပြီ။ Huawei ရဲ့ မှတ်တံဆိပ်ခွဲဟာ Watch GS Pro တစ်မျိုးတည်းကို ထုတ်လုပ်ရောင်းချမှာမဟုတ်ပါဘူး။ အခြားပုံစံနဲ့ နာရီတစ်မျိုးကိုလည်း တစ်ပါတည်း မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က Honor ရဲ့ ဥက္ကဌ George Zhao က Weibo မှာ စက်ဝိုင်းပုံစံနာရီမျက်နှာပြင်ကိုကြိုက်လား၊ လေးထောင့်ပုံစံကို ကြိုက်လားလို့ မေးခွန်းထုတ်တဲ့ပို့စ်ကို တင်ခဲ့ဖူးပါတယ်။ ပို့စ်ပါပုံမှာတော့ စုံတွဲတစ်တွဲရဲ့ တစ်ယောက်လက်တစ်ယောက်ကိုင်ထားတဲ့လက်နှစ်ဘက်ကို ဖော်ပြထားပြီး လက်တစ်ဘက်စီမှာ နာရီတစ်လုံးစီ ဝတ်ဆင်ထားပါတယ်။ နာရီပုံစံကတော့ Zhao မေးခွန်းထုတ်ခဲ့တဲ့ ပုံစံပါပဲ။

အမျိုးသမီးလက်လို့ဆိုရမယ့်အပိုင်းမှာဝတ်ဆင်ထားတဲ့ စတုဂံပုံစံနာရီဟာ မကြာခင်ကကြေညာခဲ့တဲ့ Huawei Watch Fit နဲ့ ခပ်ဆင်ဆင်တူနေတာကိုလည်း တွေ့ရပါတယ်။ Honor မှာ ဒီလိုဒီဇိုင်းနဲ့နာရီမရှိခဲ့ဖူးတာကြောင့် ဒီနာရီဟာ Honor ရဲ့ ပထမဆုံး စတုရန်းပုံစံဒီဇိုင်းနဲ့ နာရီဖြစ်လာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ တစ်နည်းအားဖြင့် Huawei watch Fit ရဲ့ Honor ဗားရှင်းလည်း ဖြစ်လာနိုင်ပါတယ်။

Honor အနေနဲ့ Huawei အမှတ်တံဆိပ်နဲ့ထုတ်ကုန်ကို သူ့ရဲ့အမှတ်တံဆိပ်အောက် သွတ်သွင်းပြီး ဗားရှင်းပြောင်း ရောင်းချတဲ့ အစဉ်အလာလည်း ရှိခဲ့တာကြောင့် ဒီနာရီလည်း အလားတူပုံစံမျိုး ဖြစ်လာမယ်လို့ ယူဆရပါတယ်။ Huawei Watch Fit ဟာ 1.64-inch 280 x 456 AMOLED display နဲ့ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $110 ဖြစ်တာကြောင့် Honor အနေနဲ့ ပိုပြီးသက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina