Honor ဟာ အခုအချိန်မှာ Huawei ကနေ ခွဲထွက်ပြီး ပထမဆုံးစမတ်ဖုန်းဖြစ်တဲ့ Honor V40 ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Honor V40 စမတ်ဖုန်းမှာ Huawei ရဲ့ နည်းပညာလို့ယူဆရတဲ့ 66W Fast Charging ကို ဆက်လက်အသုံးပြုထားတုန်းဖြစ်ပါတယ်။

Honor အနေနဲ့ ဖုန်းဘူးခွံထဲကနေ 66W Charger ကို ဖယ်ရှားခြင်းမရှိဘဲ ထည့်သွင်းပေးထားသလို Power Bank အသစ်တစ်ခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒါကတော့ Honor Super Fast Power Bank 12000 လို့နာမည်ပေးထားတဲ့ 12000mAh Power Bank ပဲဖြစ်ပါတယ်။

အဆိုပါ Super Fast Power Bank 12000 ဟာ ထူးခြားချက်အနေနဲ့ 66W Fast Charging ကိုအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၃၄၉ (မြန်မာငွေ ၇ သောင်းကျော်) ကျသင့်မှာဖြစ်ပါတယ်။

Honor Super Fast Power Bank 12000 ဟာ Light Gray Polycarbonate Body နဲ့ ပြုလုပ်ထားပြီး USB-A Port အပြင် USB-C Port လည်းပါဝင်မှာဖြစ်ပါတယ်။ 66W Fast Charging ကလည်း Output အနေနဲ့တင်မဟုတ်ဘဲ Input ကိုပါ လက်ခံနိုင်တဲ့အတွက် Power Bank ကို ပြန်လည်အားသွင်းတဲ့အချိန်မှာလည်း 66W နဲ့ အားသွင်းနိုင်မှာပါ။ Power Bank ကို အားအပြည့်သွင်းဖို့ကလည်း အချိန် ၁.၈ နာရီပဲ ကြာမြင့်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Fast Charging Protocol တွေဖြစ်တဲ့ Power Delivery ၊ Quick Charge ၊ SCP ၊ FCP တွေကိုလည်း Support ပြုလုပ်တဲ့အတွက် အဆိုပါ Power Bank ဟာ USB-C Charging ပါဝင်တဲ့ Laptop တွေကိုပါ ပြန်လည်အားသွင်းနိုင်ဦးမှာဖြစ်ပါတယ်။

Ref – Gizmo China